ထန်းတပင်၊ မေ(၂၃)
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၅,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ထန်းတပင်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် ဒေသအ တွင်းရှိ ပြည်သူလူထုအပေါ် စစ်ကောင်စီတပ်က အပြင်းအထန်ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၂၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေတာပါ။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကား၊ နေရာထိုင်ခင်းအပါအဝင် လူသားချင်းစာနာမှု အကူအညီကအစ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့ ၊ အလျဉ်းသင့်သလို ရွှေ့ပြောင်းနေထိုင်ကြရတဲ့သူတွေကို ဒေသခံတွေက စာနာရိုင်းပင်းစောင့်ရှောက်ကြဖို့၊ အိမ်ငှားခဈေးတင်တာ၊ ကုန်ဈေးနှုန်းမြင့်ရောင်းချတာတွေ လုံးဝမပြုလုပ်ကြဖို့ ထန်းတပင် (ပကဖ)က ထုတ်ပြန်ထားပါတယ်။
KNU ကျောက်ကြီးမြို့နယ်နဲ့ နယ်နိမိတ်ခြင်းထိစပ်လျက်ရှိတဲ့ ထန်းတပင်မြို့နယ် ဇရပ်ကြီး(တောင်ခြမ်း)ဒေသကို စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာ၊ ကျေးရွာတွေထဲကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာနဲ့ မိုင်းထောင်ဖောက်ခွဲတာတွေကို အကြိမ်ပေါင်းများစွာ ပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်ဟာ အင်အားအလွန်အများအပြားအသုံးပြုပြီး အများပြည်သူဆိုင်ရာနဲ့ သာသနိကအဆောက်အဦးတွေမှာ ဝင်ရောက်တပ်စွဲကာ မူးယစ်ရမ်းကား ပရမ်းပတာနေထိုင်စားသောက်တာ၊ ပစ္စည်းတွေကိုဖျက်ဆီးတာနဲ့ ယူဆောင်တာစတာတွေကို ပြုကျင့်နေကြတယ်လို့ ထန်းတပင်(ပကဖ) က ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ လယ်ယာကွက်တွေအတွင်း သီးနှံခင်းတွေ ပျက် စီးစေတဲ့အထိ ဖြတ်လျှောက်တာ၊ တောအဝင်အလုပ်လမ်းတွေမှာ မိုင်းထောင်တာတွေ ပြုလုပ်လျက်ရှိသလို ကျေးရွာအတွင်းရှိ နေအိမ်တွေနဲ့ ဈေးဆိုင်တွေကိုဖောက်ထွင်းပြီး စားနပ်ရိက္ခာ၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်တာ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်စားသောက် သယ်ဆောင်တာတွေကို ပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ကလည်း ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာအတွင်းမှာ ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းသူတွေအပါအဝင် လူ ၂၀ ဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ