မော်လမြိုင် – မေ(၂၃)

အာဏာသိမ်းစစ်အုပ်စုရဲ့လေကြောင်းအသုံးပြုပြီး ပြည်သူတွေကို တိုက်ခိုက်မှုတွေကြောင့် အရပ်သား (၆၃၄) ဦးသေဆုံးထားတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ “အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းအသုံးပြုသတ်ဖြတ်မှုများနှင့် နိုင်ငံတကာ ရပ်တည်ချက်” ဆိုတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ဝေထားတဲ့စာတမ်းမှာ ဖော်ပြထားတာပါ။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့ဟာ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့် လေ့လာနေတဲ့ အရပ်ဘက် သုတေသနအဖွဲ့အစည်းတခုဖြစ်ပါတယ်။ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ ပါဝင်ပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ရပ်တည်ချက်သဘောထား၊မူဝါဒနဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဒီအထူးအစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ကရင်ပြည်နယ်ကို (၃၂၂) ကြိမ်၊ စစ်ကိုင်းတိုင်းကို (၂၉၅) ကြိမ်၊ကရင်နီပြည်နယ်ကို (၁၈၄) ကြိမ်၊ကချင်ပြည်နယ်ကို (၁၅၆) ကြိမ်၊ ရှမ်းပြည်နယ်ကို (၁၅၃) ကြိမ်၊ချင်းပြည်နယ်ကို (၁၄၃)ကြိမ်၊ပဲခူးတိုင်းကို (၆၈) ကြိမ်၊မကွေး တိုင်းကို (၆၆) ကြိမ်၊ရခိုင်ပြည်နယ်ကို (၂၁) ကြိမ်၊မွန်ပြည်နယ်ကို (၁၀) ကြိမ်နဲ့ မန္တလေးတိုင်းကို (၉) ကြိမ် စုစုပေါင်း (၁၄၂၇) ကြိမ်အထိပြုလုပ်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစပြီး ရက်ပေါင်း (၈၅၀) အတွင်း (၃) ရက်ကို (၁) ရက်နှုန်းနဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NLTA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.