ရခိုင်ပြည်နယ်မှာကျရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာအယောက် ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင် စီကတော့ ရိုဟင်ဂျာသေဆုံးမှုဟာ ၁၀၀ ကျော်သာရှိပြီး သူတို့တွေဟာ အချိန်မီပြောင်းရွှေ့ တာတွေမလုပ်လို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ မိုခါမုန်တိုင်းမှာ ရိုဟင်ဂျာဘာကြောင့် အများ အပြား သေဆုံးခဲ့ရတာလဲ။ မုန်တိုင်းဒဏ်သင့် ရိုဟင်ဂျာလူမျိုးတွေ ခံစားနေရတဲ့ အခက်အခဲ၊ စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုနဲ့ နိုင်ငံတကာကို ဘာတွေ တောင်းဆိုလိုက်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ငြိမ်းချမ်းရေးနဲ့ လူအခွင့်အရေးအဖွဲ့(ARSPH) အဖွဲ့ဝင် ရိုအောင်နိုင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး မုန်တိုင်းဒဏ်သင့် ရိုဟင်ဂျာတွေရဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

မုန်တိုင်းဒဏ်ခံနေရတဲ့ ရိုဟင်ဂျာတွေက ရေမရှိ၊ နေရေးထိုင်ရေးတော်တော်လေး ဆိုးဆိုးဝါးဝါးကိုခံစားနေရပါတယ်။ အစားအသောက်အနည်းငယ်သာ အလှူရှင်တွေက ပေးကြတာရှိတယ်။ ဒါပေမယ့် လုံလောက်မှု အပြည့်အဝတော့ မရခဲ့ကြပါဘူး။ မုန်တိုင်းအပြီးမှာ သူတို့ကဆားငန်ရည်တွေတောင် သောက်ခဲ့ရတယ်။ ဝမ်းပျက်ဝမ်းလျောရောဂါ၊ ဖျားနာတာတွေ ခံစားခဲ့ရတာကို ကျွန်တော်တို့က ကြားသိခဲ့ရတယ်။ မုန်တိုင်းအပြီးမှာ သူတို့မှာ အရင်တုန်းကရှိခဲ့တဲ့ ဥစ္စာပစ္စည်းတွေ၊ ရွှေငွေတွေ၊ အိမ်အသုံးအဆောက်ပစ္စည်းတွေ အားလုံးက မုန် တိုင်းဒဏ်ကြောင့် အကုန်လုံးပျက်စီး ရေလွှမ်းမိုးမှုကြောင့် အကုန်လုံးက မျောပါသွားတာကို ကြားသိခဲ့ရတယ်။ သူတို့မှာ ဘာမှမရှိတော့ဘူး။ အလှူရှင်တွေက ကူညီနေတာလောက်လေးပေါ်ကိုပဲ သူတို့ကမှီခိုနေကြရတယ်။ အလှူရှင်တွေကမပေးရင် အငတ်ပုံစံပဲနေကြရတာကို ကျွန်တော်တို့က ကြားသိရပါတယ်။

-ရိုဟင်ဂျာတွေ ဘာကြောင့်ဒီမုန်တိုင်းအတွင်းမှာ အများအပြားသေဆုံးခဲ့တယ်လို့ ပြောလို့ရပါသလဲ။ ဒီအပေါ်မှာ ဘယ်လို မြင်ပါလဲ။

စစ်ကောင်စီဘက်က မုန်တိုင်းရဲ့သတိပေးချက်ဆိုတာ အားလုံးကိုသတိပေးတာရှိတယ်။ ဒါပေမယ့် ဒီရိုဟင်ဂျာ ဒုက္ခသည်တွေကို တခြားကုန်းမြေနေရာကို ရွေ့ပြောင်းတာမရှိခဲ့ဘူး။ မြို့ထဲကိုလည်း သွားလာခွင့်မရှိဘူး။ အဲဒါ ကြောင့် ဒီလူတွေက သေဆုံးတာဖြစ်တယ်။ စစ်ကောင်စီဘက်က ဆန်၊ ဆီ၊ ဆားအနည်းငယ်သွားပေးတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။

-စစ်ကောင်စီက မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၀၀ ကျော်ပဲသေဆုံးခဲ့တယ်လို့ ပြောတာတွေ တွေ့ရပါတယ်။ အဲဒီ အချက်အလက်ကရော မှန်ပါသလား၊ မြေပြင်မှာ ဘယ်လိုရှိနေပါလဲ။

စစ်ကောင်စီဘက်က လူဦးရေ၁၀၀ကျော်လောက်ပဲ သေဆုံးခဲ့တယ်ဆိုပြီး ပြောဆိုထားတာကို ကျွန်တော်တို့ ကြားသိရတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတင်းအချက်အလက်အရရော မီဒီယာတွေက ဖော်ပြနေချက်အရ လူပေါင်း(၄၀၀)ကျော် သေဆုံးခဲ့တယ်ဆိုပြီး ပျောက်ဆုံး၊သေဆုံးက အဲဒီလိုတွေ့ရတယ်။ ရိုဟင်ဂျာစစ်ရှောင် စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေက ၂၀၁၂ခုနှစ်တည်းက ပဋိပက္ခတွေကြောင့် ပိတ်လှောင်ခံနေရတာ တွေ့ ရတယ်။ အားလုံးကသိတဲ့အတိုင်းပဲ။ ဒီလူတွေက စစ်တွေမြို့ပေါ်ကို သွားလာခွင့်ဆိုတာ မရှိဘူး။ လုံခြုံရေးအရ စခန်းမှာ နေထိုင်နေရတာ တွေ့ရတယ်။ စစ်ကောင်စီဘက်က ဒီလူတွေကို အသိပေးတာတော့ ကြားခဲ့တယ်။ ဒါပေမယ့် သူတို့အစီအစဉ်အရ ဒီလူတွေကို မြို့ထဲကိုသော်လည်းကောင်း၊ ကုန်းမြေပေါ်မှာရှိတဲ့  အဆောက် အဦးထဲကိုသော်လည်းကောင်း၊ သူတို့ကိုယ်တိုင်ဦးဆောင်မှုနဲ့ လုပ်မယ်ဆိုရင် ဒီဆုံးရှုံးမှုကမဖြစ်ခဲ့ပါဘူး။ ဒီအစိုး ရက ကြေငြာထားတုန်းပဲရှိတယ်။ ဒါပေမယ့် ဒီလူတွေကို သူတို့ရဲ့ဦးဆောင်မှုနဲ့ ရွှေ့ပြောင်းပေးတာ မရှိခဲ့တဲ့အ တွက် ဒီလိုဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့ အနေနဲ့ သုံးသပ်ရပါတယ်။

-စစ်တွေမြို့ပေါ်မှာရော၊ ပြည်နယ်တွင်းမှာပါ ကုန်ဈေးနှုန်းတွေက ဆက်တိုက်မြင့်တက်နေတာတွေရှိတယ်။ မုန်တိုင်းပြီးကာလ စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေးစီမံခန့်ခွဲမှုတွေအပေါ် ဘယ်လိုမြင်ပါသလဲ။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကုန်ဈေးနှုန်းတအား မြင့်တက်နေတာကို ကျွန်တော်တို့လည်း ကြားသိနေရပါတယ်။ စစ်ကောင်စီအနေနဲ့ ကိုယ့်ပြည်သူပြည်သားအပေါ် စိတ်ကောင်းစေတနာထားမယ်ဆို လူသားချင်းစာနာစိတ် မွေးထားမယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းကိုမဆို ပြည်တွင်းကအဖွဲ့အစည်းကိုမဆို လွတ်လွတ်လပ်လပ် ဒုက္ခရောက်နေသူတွေကို ကူညီဖို့ ခွင့်ပြုသင့်ပါတယ်။ ဒီလိုခွင့်မပြုတာ သူတို့ရဲ့ရည်ရွယ်ချက်ပါတယ်ဆိုရင် နာဂစ်တိုက်ခဲ့တဲ့ ဧရာဝတီတိုင်းမှာ အဲဒီတုန်းကလည်း နိုင်ငံတကာအဖွဲ့အစည်းက အများကြီးကမ်းလှမ်းတာ ရှိတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်တောင်မှ ဝင်ခွင့်မပေးဘူး။ ကူညီပေးခွင့်က မရှိခဲ့ဘူး။ အဲဒီအတွက် ကြောင့် ယနေ့အထိ ဧရာဝတီတိုင်းမှာရှိတဲ့ ပြည်သူတွေက ဒုက္ခမျိုးစုံခံစားခဲ့ရတာကို ကျွန်တော်တို့က အမြဲကြား သိခဲ့ရတယ်။ အခုလည်း အဲ့ဒီအတိုင်းပါပဲ။ ရခိုင်ပြည်နယ်မှာတိုက်ခဲ့တဲ့ မုန်တိုင်းကြောင့် ဒုက္ခရောက်တဲ့ အိုးမဲ့ အိမ်မဲ့ဖြစ်သွားတဲ့ ရခိုင်သူရခိုင်သား တခြားဘာသာဝင် ရိုဟင်ဂျာလူမျိုးအပါအဝင် ဒုက္ခရောက်နေကြတာကို ကျွန်တော်တို့က စာနာမိပါတယ်။ ဒါပေမယ့် ဒီလောက်ဒုက္ခရောက်နေတဲ့သူတွေကို စစ်ကောင်စီဘက်က  ချက် ချင်းဆိုသလို ကူညီထောက်ပံ့မှုအတွက်၊  ပြန်လည်နေရာချထားရေးအတွက် သူတို့အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘဲနဲ့ ဒီလူတွေကို တမင်သူတို့ရဲ့စိတ်ဆန္ဒအတိုင်း သူတို့လုပ်ဆောင် ချက်အတိုင်းလုပ်ဖို့ အန်ဂျီအိုအဖွဲ့အစည်းကိုသော်လည်းကောင်း တခြားကူညီတဲ့အဖွဲ့အစည်းတွေကို သူတို့က လွတ်လွတ်လပ်လပ် ဝင်ခွင့်မပေးတာ ကျွန်တော်တို့က တွေ့ရှိရပါတယ်။

-နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာတွေကိုယ်စား နိုင်ငံတကာကို ဘာတွေများတောင်းဆိုချင်တာရှိမလဲ။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းပေး ကြပါလို့ ကျွန်တော်တို့က တောင်းဆိုပါတယ်။  ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် ထောက်ပံ့မှုရရှိရေးနဲ့ သူတို့ကို ပြန်လည်နေရာချထားရေး အစီအစဉ် ဆောင်ရွက်ပေး ကြပါလို့ ကျွန်တော်တို့က တောင်းဆိုပါတယ်ခင်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.