ဟားခါး – မေ(၂၂)

နွေဦးတော်လှန်ရေးနဲ့အတူ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဖွဲ့စည်းပြီးနောက်ပိုင်း အမျိူးသားတာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသူ (၃၂) ဦးအထိရှိလာပြီဖြစ်တယ်လို့ CNO က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက အမျိုးသားရေး အတွက် အသက်စတေးခဲ့ကြသူတွေ၊ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေ မပေါ်ပေါက်ခင်က အသက်ပေးခဲ့ကြတဲ့ ပြည်မတောင်တန်းမှ ချင်းအမျိုးသား အာဇာနည်သူရဲကောင်းတွေကို အမှတ်တရ ဂုဏ်ပြုဖို့ ချင်းအမျိုးသားအာဇာနည်နေ့ကို မေလ(၂၁) ရက်နေ့ အဖြစ် ချင်းအမျိုးသားအဖွဲ့ချုပ်က သတ်မှတ်ပြဌာန်းထားပါတယ်။

မတူညီတဲ့အချိန် နေ့ရက်တွေမှာ ကျဆုံးခဲ့ကြတဲ့ ချင်းအမျိုးသားအာဇာနည်သူရဲကောင်းတွေကို အတူတကွ ဂုဏ်ပြုဖို့အတွက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေထဲက (ပထမဦးဆုံး) အသက်ပေးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ(၂၁) ရက်နေ့ကို အစွဲပြုပြီး ချင်းအမျိုးသားနေ့ကို သတ်မှတ်ထားတာပါ။

အမျိုးသားအာဇာနည်နေ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ်စိုးမိုးနယ်မြေတွေမှာ ရုံးပိတ်ရက် သတ်မှတ် တာ၊အလံတစ်ဝက်လွှင့်ထူတာ၊ဆုတောင်းအောက်မေ့ပွဲတွေ ကျင်းပတာ၊ ကျဆုံး အာဇာနည်တွေ ကို ရည်စူးပြီး ကောက်ခံထားတဲ့ လှူငွေတွေကို ပေးအပ်တာနဲ့ ကျဆုံးအာဇာနည်တွေကို ဂုဏ်ပြုအလေးပြုတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အနေနဲ့လည်း ချင်းအမျိုးသားလွတ်မြောက်ရေး၊တန်တူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အရှိန်အဟုန် မပြတ်ဆထက်တပိုး ထမ်းဆောင်သွားမယ်လို့လည်း သစ္စာပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CNO

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.