မော်လမြိုင်၊ မေ(၂၁)

စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အရင်စိုက်ပျိုးစရိတ် ချေးငွေအကြွေးကျန်မရှိမှသာ ဒီနှစ်မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စပါးစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးသုံးသွင်းအားစု ဈေးနှုန်း ၃ ဆကျော် မြင့်တက်လာတာ၊ ထွန်ယက်စိုက်ပျိုးစရိတ်တွေ ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတာပါ။

တဖက်မှာတော့ တောင်သူတွေဟာ ပြီးခဲ့တဲ့ရာသီတုန်းက သွင်းအားစုမထည့်နိုင်တာကြောင့် အထွက်နှုန်း လျော့ကျလာတာအပြင် ရာသီဥတုနဲ့ ပိုးမွှားအန္တရာယ်တွေကြောင့်လည်း စပါးရရှိမှုမရှိတဲ့အ တွက် အရှုံးပေါ်ကာ အကြွေးပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်နေတာပါ။

စပါးစိုက်တောင်သူတစ်ဦးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲကြားမှာ စစ်ကောင်စီရဲ့ ချေးငွေမရရှိပါက တချို့တောင်သူတွေအနေနဲ့ စိုက်ပျိုးနိုင်တော့မှာမဟုတ်သလို တချို့တွေကလည်းအပြင်မှာ အတိုးနဲ့ယူကာ စိုက်ပျိုးရမှာဖြစ်တဲ့အတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောပါတယ်။

“စိုက်ဘဏ်ချေးငွေ မရဘူးဆိုတော့လည်း မိသားစုတွေကတော့ အခက်အခဲတော့ အများကြီးရှိသွားတာပေါ့၊ ကြံဖန်ပြီးတော့လုပ်ရမှာပေါ့။ တချို့တွေကျတော့လည်း မစိုက်နိုင်ကြဘူး။ တချို့ကျတော့လည်း ပစ်လိုက်ရ တာပေါ့ လယ်တွေမြေယာတွေကို။ တချို့ကတော့ အတိုးနဲ့ရှာရတာပေါ့၊ နိုင်ငံ တော်အစိုးရကပေးတော့ အတိုးနည်းနည်းလေးပေါ့။ ကျွန်တော်တို့ အပြင်မှာရှာတော့ အတိုးများတာပေါ့။ ချေးငွေရလို့ရှိရင် ကိုယ်လိုတဲ့ဟာတွေ ဝဲသော်လည်းကောင်း၊ ဖျန်းဆေးသော်လည်းကောင်း၊ ဓာတ်မြေဩဇာဝယ်ရတာပေါ့။ အခုက အစုံသုံးနေရတယ်၊ အကုန်လုံးအခက်အခဲ ရှိလာတာပေါ့။ ကျွန်တော်တို့အဓိက လိုချင်တာတော့ အစိုးရကပိုက်ဆံလိုချင်တယ်၊ အစိုးရကလည်း သူ့ပိုက်ဆံမကျေလို့ရှိရင် သူကပြန်မပေးဘူး၊ အကုန်လုံးကတော့ အခက်အခဲကြီးပဲပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလိုကြွေးကျန်ရှိတဲ့အတွက် ချေးငွေမရပါက တချို့တောင်သူတွေအနေနဲ့ စိုက်ပျိုးမြေဧကတွေ လျော့ချစိုက်ပျိုးရမှာဖြစ်သလို အရင်းအနှီးနည်းတဲ့ တောင်သူတွေအနေနဲ့ ဖြစ်သလိုစိုက်ပျိုးလာပါက ဒီနှစ်မှာလည်း စပါးထွက်ရှိမှုနှုန်း သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

စပါးစိုက်တောင်သူတစ်ဦးကလည်း အရင်အကြွေးတွေ ပြန်မဆပ်နိုင်တာဟာ စပါးစိုက်ပျိုးရာမှာ ကုန် ကျစရိတ်ကြီးမြင့်တဲ့အတွက် လျော့ချလုပ်ကိုင်ရတာကြောင့် အထွက်နှုန်းနည်းပြီး အကြွေးပြန်မဆပ်နိုင်သလို တချို့မိသားစုအနေနဲ့ စားဖို့လောက်သာရတဲ့အတွက် အခက်အခဲဖြစ်ပြီး ကြွေးကျန်နေရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဘာကြောင့်မဆပ်နိုင်လဲဆိုတော့ လျော့လုပ်တယ်။ ကိုယ်ကဖိဖိစီးစီး မလုပ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ လုပ်သားရှားပါးတယ်။ လုပ်သားဈေးကြီးတယ်။ သွင်းအားစုတွေက ဈေးမြင့်လာတဲ့အတွက် အဲဒီဥစ္စာတွေကို ပိုက်ဆံကမလိုက်နိုင်တော့ ကိုယ်လည်းပြီးရင်ပြီးရော ပုံစံမျိုးလုပ်တဲ့အခါကျတော့ စပါးဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ် ဒီလိုသီးနှံပေါ်ချိန် ကောင်းကောင်းလုပ်တဲ့သူနဲ့ တော်ရိလျော်ရိလုပ်တဲ့ သူနဲ့ကျတော့ အထွက်နှုန်းကွာသွားတယ်၊ ဝင်ငွေလည်း ပြန်ကွာသွားတာပေါ့။ အရင်အတိုးတွေဘာတွေလည်း ပြန်ပြီးတော့မဆပ်နိုင်ဘူး။ ဒီကြားထဲမှာ မိသားစုများတဲ့ အိမ်ထောင်စုတွေဆိုရင် စားရင်းနဲ့ပဲပြန်ကုန်သွားတော့ ဘာမှအဖက်မတင်တော့ ဒီအကြွေးတွေကို ပြန်မဆပ်နိုင်တဲ့သဘော ဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စိုက်ပျိုးစရိတ်ချေးငွေတွေကို တစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)သာ ထုတ်ချေး ပေး တာကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ သွင်းအားစုစရိတ် ကြီးမြင့်မှုတွေကြောင့် လုံလောက်မှုမရှိသလို တချို့ တောင်သူတွေအနေနဲ့ အပြင်မှာပြန်လည်ချေးငှားရတဲ့အတွက် အတိုးပေါ်အတိုးဆင့် ဖြစ်နေရတယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူတွေအနေနဲ့ အရင်ကြွေးကျန်ကင်းရှင်းမှသာ လက်ရှိချေးငွေအသစ်ကို ထုတ်ချေးမှာဖြစ်သလို အခြားနှစ်တို၊ နှစ်လတ်ချေးငွေတွေကိုလည်း ကြွေးကျန်ကင်းရှင်းမှ ချေးခွင့်ရမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒီနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကိုလည်း အရင်ချေးငွေရဲ့ အတိုးရောအရင်းပါ ပေးဆပ်ပြီးမှ ထုတ်ချေးမှာဖြစ်သလို မေ ၁၈ ရက်နေ့ကစတင်ကာ တစ်နှစ်လျှင်အတိုးနှုန်း (၅) ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအနေနဲ့ တစ်ပြည်နယ်လုံးရှိ စိုက်ပျိုးဧကပေါင်း ၂၀၃,၀၀၀ ကျော်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကျပ် ၃၀ ဒသမ ၄၅၃ ဘီလီယံ လျာထားဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.