ရေး၊ မေ(၂၁)

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ် ဝယ်ပသဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဝယ်ပသဲကျေးရွာအနီးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် မနေ့ မေ ၁၉ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ဒီနေ့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း ထိုးစစ်ဆင်ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားပြီး သူတို့တပ်စွဲထားတဲ့နေရာတွေမှာ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဒေသခံတစ်ဦးက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဝယ်ပသဲဒေသကို လေယာဉ်နဲ့ကင်းထောက်တာအပြင် ဗုံးကြဲတာတွေ လုပ် ဆောင်ပြီးနောက် တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

ဝယ်ပသဲတိုက်ပွဲကြောင့် ဘဲလမု၊ ဝယ်ပသဲအပါအဝင် အနီးအနားကျေးရွာက ဒေသခံရာနဲ့ချီထွက် ပြေး တိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၇ ရက်၊ ၈ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု ဝယ်ပသဲကျေးရွာအနီးရှိ PDF စခန်းတစ်ခုနဲ့ ဝါပသဲကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဝယ်ပသဲကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတစ်ချို့ မီးလောင်ပျက်စီးဆုံးရှုံးသွားရသလို အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး PDF စခန်း ဗုံးကြဲတိုက်ခိုက်မှုမှာတော့ PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရေးမြို့နယ် ဝယ်ပသဲဒေသဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေထဲက ဒေသတစ်ခုဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေချတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကျားဖြူစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.