မုန်း၊ မေ(၂၁)
ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ(၃) မုန်းမြို့နယ်ထဲက ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက် ကလေး(၁)ဦးအပါအဝင် အရပ်သား(၃) ဦး လက်နက်ကြီးထိမှန်သေဆုံးဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ(၁၀၀၀၀)ကျော် ရွာလုံးကျွတ်ထွက် ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ KNU-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၈)ရက်နေ့ မနက်(၈)နာရီအချိန်က စစ်ကောင်စီရဲ့ ခမရ(၅၉၉)၊ ခမရ(၅၉၀)၊ တပ်မ (၄၄)နဲ့ ခလရ(၈၄)တပ်ပေါင်းစုတို့ဟာ KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ စဝေကျေးရွာ၊ ကျွန်းတောကျေးရွာထဲကို ဝင်ရောက်ဖို့အတွက် လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို အလုံးပေါင်း (၂၅) လုံးအဆက် မပြတ်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ဒါ့အပြင် ညောင်ပင်သာကျေးရွာထဲကိုလည်း လက်နက်ကြီး(၅)လုံး ထပ်မံပစ်ခတ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ဒီလို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်းနေထိုင်တဲ့ ပြည်သူလူ ထုတွေဟာ ကြောက်လန့်ပြီး ပြေးလွှားနေစဉ် အသက်(၁၄)နှစ်အရွယ် ကလေး(၁)ဦး လက်နက်ကြီးထိမှန်သေဆုံးသွားခဲ့ပြီး အမျိုးသမီး(၁)ဦးနဲ့ အမျိုးသား(၁)ဦးတို့လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ KNU က ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေကိုတော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို သွားရောက်ပို့ဆောင်ကုသခဲ့ရပြီး ဒီပစ်ခတ်မှုဖြစ်စဉ်မှာ ဒေသတွင်းရှိ ဘုန်းကြီးကျောင်း(၁)ကျောင်းနဲ့ နေအိမ်(၁)လုံး လက်နက် ကြီး ထိမှန်ပျက်စီးသွားခဲ့သလို နွား(၁)ကောင်လည်း ထိမှန်သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် စဝေကျေးရွာ၊ ကျွန်းတောကျေးရွာက ပြည်သူတွေဟာ ကြောက်ရွံ့ပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ပြီးနောက် ညနေပိုင်းအချိန်မှာ စစ်ကောင်စီတပ်ပေါင်းစုတို့ဟာ ကျေးရွာတွေထဲကို ဝင်ရောက်နေရာယူကာ အခုအချိန်အထိ အထိုင်ချနေကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်တို့ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU-မုန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေဖြစ်တဲ့ စဝေ၊ နှောင်ကုန်း၊ တောင်စု၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်းနဲ့ ညောင် ပင်သာစတဲ့ ကျေးရွာ(၉)ရွာက ဒေသခံပြည်သူစုစုပေါင်း(၁၃၉၉၁)ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၀)ရက်နေ့ကလည်း KNU – မုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ စစ်ကောင် စီပူးပေါင်းတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ညောင်ပင်သာကျေးရွာအတွင်း တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် ညောင်ပင်သာကျေးရွာက ကလေး(၄)ဦး၊ အမျိုးသမီး(၁၁)ဦး အပါအဝင် အရပ် သားပြည်သူ(၂၀)ဦးကို စစ်ကောင်စီတပ်က အစုံလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်သွားခဲ့တယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -KNU