ဘီးလင်း၊ မေ(၂၁)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့် BGF တပ်စခန်းတွေကို ဒီရက်ပိုင်းထဲ အဆက်မပြတ်သွားရောက် တိုက်ခိုက်သွားတာတွေ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့က ဘီးလင်းမြို့နယ်ထဲ ဒေါက်ရပ်ကျေးရွာ စာသင်းကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ လက် နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီအ မြောက်တပ်ကနေ လက်နက်ကြီး ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ဒေါက်ရပ်ကျေးရွာက ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၁၈ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ရင်းအုံကျေးရွာက BGF စခန်းနဲ့ မဲလံ BGF စခန်းတို့ကို တော်လှန်ရေး အင်အားစုပူးပေါင်းတပ်က ဒရုန်းအပြင်လက်နက်ကြီးတွေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် မေ ၁၉ ရက်နေ့မှာလည်း ဘီးလင်းတိုးဂိတ်၊ ဘီးလင်းသံတံတားစစ်ဆေးရေးဂိတ်နဲ့ ဇီးတောကျေးရွာအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေကို ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့ မေ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -TPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.