ကျိုက်ထို၊ မေ(၂၁)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းကို စစ်ကောင်စီတပ်က ဘတ်ဟိုးနဲ့ထိုးပြီး လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဆောင်နိုင်ကြီးကျေးရွာကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်လာပြီးနောက် ကျေးရွာချင်းဆက်လမ်းကို ဘတ်ဟိုးနဲ့ အနက် ၆ ပေနီးပါး တူးဖော်ပြီး ဖျက်ဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်က ကျေးရွာချင်းဆက်လမ်းပိုင်းကို ဖျက်ဆီးသွားတာကြောင့် ကားနဲ့ဆိုင်ကယ်တွေ သွားလာလို့ မရတော့တဲ့အတွက် သွားရေးလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်က ကျေးရွာချင်းဆက်လမ်းပိုင်းကို ဖျက်ဆီးတာဟာ မိုးတွင်းကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဖျက်ဆီးသွားတဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းဟာ ကင်မွန်းချောင်းကျေးရွာကနေ ဆောင်နိုင်ကြီး၊ မဲရုံးလေး၊ မဲရုံးကြီး၊ ကဒိုင်တွတ်၊ မိုးဘော နတ်စင်အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကို အဓိကသွားလာနေတဲ့ လမ်းပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

သထုံခရိုင် PDF တာဝန်ခံကတော့ အခုလို ဒေသခံတွေသွားလာနေတဲ့ လမ်းပိုင်းတွေကို ဖျက်ဆီးတာဟာ မဖြစ်သင့်တဲ့ကိစ္စရပ်တစ်ခုဖြစ်ပြီး လမ်းပိုင်းတွေ ဖျက်ဆီးခံရပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအပြင် စစ်ကောင်စီစစ်ကြောင်းတွေလည်း အဓိကသွားလာလှုပ်ရှားနေတဲ့ လမ်းပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ တပ်မ (၄၄) ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ မကြာခဏတိုက်ခိုက်ခံရပြီးနောက် စစ်ကောင် စီတပ်က စစ်ရေးအရ အရေးပါတဲ့လမ်းပိုင်းတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်လာတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.