ပုဂ္ဂလိကကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းအပါအဝင် ဆရာ၊ဆရာမ ခန့်အပ်တာကအစ ခွင့်ပြုချက် လျှောက်ထားရမယ်ဆိုတဲ့ ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁၂ ရက် နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ပါတယ်။ အခန်း ၁၆ ခန်း ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ အဲဒီဥပဒေထဲမှာတော့ စစ်ကောင်စီရဲ့ ကြီးကြပ်ရေးအဖွဲ့တွေဟာဆိုရင် ပုဂ္ဂလိကကျောင်းတွေရဲ့ စံချိန်စံညွှန်း သတ်မှတ်တာ၊ ကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားတာ၊ နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းဆရာ မှတ်ပုံတင် လက်မှတ်ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာ၊ ပယ်ဖျက်တာတွေကို ခွင့်ပြုလိုရသလို ငြင်းပယ်နိုင်တယ်လို့လည်း ပါရှိပါတယ်။
ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ကောင်စီ ဘာကြောင့် ပြဌာန်းတာလဲ။ ဒီဥပဒေဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်အပေါ် ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အခြေခံ ပညာရေးလုပ်သားများသမဂ္ဂ (BEWU) အဖွဲ့ဝင် ဆရာနောင်ချိုနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေကို ဘယ်လိုမြင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
စစ်ကောင်စီက ပြဌာန်းတဲ့ ပုဂ္ဂလိကပညာရေးဥပဒေ ဖတ်လိုက်ရတယ်။ ပုဂ္ဂလိက ပညာရေးဆိုတာက ဘယ်လို သတ်မှတ်လဲ။ ပုဂ္ဂလိကပညာရေးကျောင်းဆိုတာ ဘယ်လိုသတ်မှတ်လဲ၊ ပုဂ္ဂလိကကျောင်းတည်ထောင်သူဆို တာ ဘယ်လိုမျိုးလဲဆိုတဲ့ ကန့်သတ်မှုတွေ၊ ဝန်ကြီးဌာနဆိုတာ ဘယ်လိုမျိုးလဲဆိုတဲ့ဟာတွေ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီကပြဌာန်းထားတဲ့အပိုဒ်ကို ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ နားလည်လိုက်တာက စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေးလွတ်လပ်ခွင့် ၊ ပုဂ္ဂလိကပညာရေးဆိုတာ ဗဟိုချုပ်ကိုင်မှု အရမ်းတင်းကျပ်တဲ့ ပညာရေးစနစ်လို့ အဲဒီလိုမျိုး မြင်ပါတယ်။ ပညာရေးလွတ်လပ်ခွင့်တွေအားလုံးကို ဝန်ကြီးဌာနကပဲ အားလုံးကို ချုပ်ကိုင်မယ်။ ဝန်ကြီးဌာနကပဲ အားလုံးကို လုပ်ရမယ်ဆိုတဲ့ သတ်ကန့်ချက်တွေ မတွေ့ရဘူး။ အရင်တုန်းက ခေတ်နောက်ကျတဲ့ ပညာရေးအတွေးအခေါ်နဲ့ ဆက်ပြီးတော့သွားနေတဲ့ ပညာရေးမူဝါဒတွေလို့ပဲ ကျွန်တော်တို့ က နားလည်ပါတယ်။
– စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ ပညာရေးကဏ္ဍအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ ရေရှည်မှာ ပညာကဏ္ဍအလားအလာနဲ့ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။
ရေရှည်မှာတော့ ဖြစ်လာနိုင်စရာ နှစ်မျိုးပဲရှိပါတယ်။ တစ်ခုကတော့ ပညာရေးလွတ်လပ်ခွင့်နဲ့ ဆိုလိုတာက ကျွန်တော်တို့ ပညာရေးက တစ်ဦးတစ်ဖွဲ့က ချုပ်ကိုင်ထားသင့်တဲ့ အရာမျိုး မဟုတ်ဘူးလို့ ကျွန်တော်တို့က မြင်တယ်။ ပညာရေးမှာ လွတ်လပ်ခွင့်ရှိရမယ်။ ပညာရေးမှာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ ညီရမယ်။ ပညာရေးက တစ်စုတစ်ဖွဲ့ရဲ့ အပိုင်စီးထားရမယ့် အရာမျိုးမဟုတ် ပညာရေးကို ချမ်းသာတဲ့ လူတစ်စုကပဲ သိမ်းပိုက်ထားရမယ်ဆိုတဲ့ဟာမျိုးလည်း မဟုတ်ဘူး။ ပညာရေးက အင်မတန်လွတ်လပ်တဲ့ ပညာရေးဖြစ်ရမယ်။ တန်းတူညီမျှတဲ့ အားလုံးအကျုံးဝင်တဲ့ ပညာရေးစနစ်ဖြစ်ရမယ်လို့ပဲ ကျွန်တော်တို့ကတော့ နားလည်ယုံ ကြည်တယ်ပေါ့။
NUCC ကနေ မကြာခင်က အတည်ပြု ထုတ်ပြန်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေး မူဝါဒမှာလည်း ပုဂ္ဂလိ ကပညာရေးနဲ့ ပတ်သက်ပြီး အခန်း(၉)ကို ပြဌာန်းထားတာ ရှိပါတယ်။ ကျွန်တော်တို့ကတော့ ဖက်ဒရယ်ဒီမို ကရေစီမှာပါတဲ့ ပညာရေးမူဝါဒအတိုင်းပဲ ယုံကြည်ပါတယ်။ စစ်ကောင်စီပြဌာန်းတဲ့ ပညာရေးက နောက်ဆက်တွဲ ဘာဖြစ်လာလဲဆိုတော့ ပညာရေးလွတ်လပ်ခွင့် ဆိတ်သုဉ်းလာမယ်။ ဒီမိုကရေစီ ဆိတ်သုဉ်းမယ်လို့ ကျွန်တော် တို့က နားလည်ပါတယ်။ အဓိကက ပညာရေးဆိုတာက အသေးစားဒီမိုကရေစီ ရပ်ဝန်းတစ်ခုဖြစ်ရမယ့် အရာပေါ့။ အဲဒီလိုအရာမျိုးကို ဗဟိုချုပ်ကိုင်မှု ကြီးမားတဲ့ ပြဌာန်းချက်တွေ၊ မူဝါဒတွေ ထားလိုက်မယ်ဆို ရေရှည်မှာ တော့ ကျွန်တော်တို့ ပညာရေးက စစ်ကျွန်ပညာရေး၊ ဗဟိုချုပ်ကိုင်မှုကြီးမားတဲ့ ပညာရေးစနစ်ပဲ ဆက်ရှိနေလိမ့်ဦးမယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။
– စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေမှာဆိုရင် သင်ရိုးညွှန်တမ်းကအစ သူတို့ခွင့်ပြုချက်ရမှ ပညာသင်ကြား ခွင့်ရမယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။
ပညာရေးလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တယ်လို့ ကျွန်တော် မြင်တယ်။ နောက်တစ်ချက် က သူတို့ပြဌာန်းတဲ့ သင်ရိုးတွေက၊ သူတို့ခွင့်ပြုမှ ရတဲ့အခါကျတော့ တိုင်းရင်းသားတွေရဲ့ ပညာရေးကျောင်း တွေ၊ တိုင်းရင်းသားတွေရဲ့ ပညာရေးစနစ်တွေကို သူတို့ကချုပ်ကိုင်ဖို့ ကြိုးစားတယ်လို့ ကျွန်တော်မြင်တယ်။ သင်ရိုးတွေက ဖက်ဒရယ်မူအရသွားမယ်ဆိုရင် ကျွန်တော်တို့ကသက်ဆိုင်ရာ ဒေသအလိုက် တိုင်းရင်းသား ဘာသာစကားတွေ အခြေပြုသင်ကြားရေးတွေ လုပ်ရမယ်ဆိုတာရှိတယ်။ စစ်ကောင်စီက သူတို့ခွင့်ပြုမှ လုပ်ရ မယ်ဆိုတာတော့ ဒါကမဖြစ်သင့်တဲ့အရာပေါ့။ ဒါကရေရှည်မှာတော့ ပိုဆိုးတာက တိုင်းရင်းသားတွေနဲ့ သူတို့ စစ်ကောင်စီနဲ့ ကြားထဲမှာတော့ ပညာရေးနဲ့ပတ်သက်ရင် ကြီးမားတဲ့ကွဲလွဲမှုတွေ ဖြစ်လာမယ်လို့ ယူဆပါတယ်။ စစ်ကောင်စီရဲ့ လက်အောက်မှာရှိနေမယ့် ကလေးတွေရဲ့ စစ်ကောင်စီကျောင်းကို ရွေးချယ်ပြီး တက်ရမယ့် ကလေးတွေရဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အနာဂတ်အလားအလာက မကောင်းဘူးပေါ့။ လွတ်လပ်တဲ့ အတွေးအခေါ် သင်ကြားမှုကိုမရတဲ့ ကျောင်းသားကျောင်းသူရဲ့ အနာဂတ်က ရင်လေးစရာပဲပေါ့။
-ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ကောင်စီ ဘာကြောင့် ပြဌာန်းတယ်လို့ မြင်ပါသလဲ။
အာဏာရှင်အစိုးရတွေမှာ ပညာရေးနဲ့ ပတ်သက်ပြီး စဉ်းစားချက်နှစ်မျိုးရှိတယ်။ အာဏာရှင်စနစ်ကို ထောက် ခံနေတဲ့ ကျောင်းတွေကို မွေးထုတ်ဖို့ သူတို့ကိုတော်လှန်ပုန်ကန်မယ့်သူတွေ၊ ဆိုလိုတာက ပညာရေးက လွတ်လပ်စွာ သင်ကြားခွင့်ရမယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းအကြောင်းတွေ၊ လူ့အခွင့်အရေးအကြောင်းတွေ၊ ဒီအ ကြောင်းအရာတွေကို ကျောင်းသားကျောင်းသူတွေက လွတ်လပ်စွာ သင်ယူခွင့်ရမယ်ဆိုရင် သူတို့ကို တော်လှန် ပုန်ကန်မယ့် အတွေးအခေါ်တွေ ရတဲ့ ကျောင်းသားကျောင်းသူတွေ ပေါ်လာနိုင်တယ်ပေါ့။
စစ်အာဏာရှင်တွေက ပညာရေးကို သူတို့ချဉ်းကပ်တဲ့ ပုံစံနှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ သူတို့အာဏာရှင် စနစ်ကို ဆက်လက်ထောက်ခံမယ့်လူတွေ စာသင်ကျောင်းတွေက ထွက်ပေါ်လာဖို့၊ သူတို့ အာဏာရှင်စနစ်ကို ကန့်ကွက်မယ့်လူတွေ စာသင်ကျောင်းတွေကနေ မထွက်ပေါ်ဖို့ရယ် ဒီမူဝါဒနှစ်ခုနဲ့ သူတို့ဆောင်ရွက်နေတာ။ အခု ပညာရေးဥပဒေတွေ မူဝါဒတွေကို ပြဌာန်းတာက သူတို့ရဲ့ အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့ သူတို့ ထောက် ခံမယ့်သူတွေများလာဖို့၊ သူတို့ကိုကန့်ကွက်မယ့်သူတွေ စာသင်ကျောင်းတွေမှာ မပေါ်လာဖို့ အတွက် ရည်ရွယ်ချက် နှစ်ခုနဲ့ လုပ်တာလို့ မြင်ပါတယ်။
၅။ နောက်ဆုံးအနေနဲ့ ပုဂ္ဂလိကပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
စစ်ကောင်က ပြဌာန်းလိုက်တဲ့ ပုဂ္ဂလိက ပညာရေးဥပဒေက ဗဟိုချုပ်ကိုင်မှုများတဲ့ တင်းကြပ်တဲ့ ရှေးရိုးစွဲ အရင် အယူအဆဟောင်းတွေကို အခြေပြုထားတဲ့ ပုဂ္ဂလိက ပညာရေးဥပဒေဖြစ်တယ်လို့လည်း သုံးသပ်ပါတယ်။ဒီမိုကရေစီပညာရေး ဖက်ဒရယ်ပညာရေးစနစ်ကို ရရှိဖို့အတွက် စစ်ကောင်စီ လက်အောက်က ပုဂ္ဂလိက ကျောင်းပဲဖြစ်ဖြစ် အစိုးရကျောင်းပဲဖြစ်ဖြစ် ဘယ်ကျောင်းမှ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အကြောင်းအရာတွေကို ရနိုင်မှာ မဟုတ်ဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်က စာသင်ကျောင်းတွေမှာ စပြီး ဆိတ်သုဉ်းပြီ။ စာသင်ကျောင်းတွေမှာ စပြီး ဆိတ်သုဉ်းအောင် စလုပ်ပြီ လို့ပဲ ကျွန်တော်တို့က မြင်ပါတယ်။