သထုံ၊ မေ(၂၀)
မွန်ပြည်နယ်သထုံမြို့နယ် ပိန္နဲတောကျေးရွာဘက်ကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပိန္နဲတောအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့မှာ ကရင်အမျိုးသားလွတ် မြောက် တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က နှစ်ကြိမ်တိုင်သွားရောက် တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီး အချက် ၂၀ ထက်မနည်း တရစပ် ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေအပြင် အရပ်သားတွေပြည်သူတွေပါ ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပိန္နဲကုန်းကျေးရွာ သာသနာကုန်းနေ အသက် ၄၂ နှစ်အရွယ် စောဇော်ဇော် လက်နက်ကြီးထိမှန်သေဆုံးခဲ့သလို ဇနီးဖြစ်သူနောင်ကြည်မြိုင်နဲ့ သမီးဖြစ်သူ နော်သဇင်အေးတို့ ကျည်ထိမှန်ခဲ့ပြီး ပိန္နဲတောအထက်ရွာက အသက် ၆၉ နှစ်အရွယ် တီရွှေလေးတို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးကြောင့် ပိန္နဲတောအလယ်ရွာက နေအိမ် ၂ လုံး၊ ဝမ်းဘဲအင်းရွာက ၂ လုံး၊ သာသနာကုန်းက ၁ လုံး၊ ထီညာလူကျေးရွာက ၂ လုံး စုစုပေါင်း နေအိမ် ၇ လုံးပျက်စီးခဲ့ပြီး ဆိတ်တစ်ကောင်သေဆုံးခဲ့တာပါ။
အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ကနေ နေ့စဉ်နီးပါး လက်နက်ကြီးပစ်နေလို့ ဝမ်းဘဲအင်း၊ ပိန္နဲတော၊ မင်းလွင်၊ ထီညာလူကျေးရွာအပါအဝင် ကျေးရွာပေါင်း ၇ ရွာလောက်က ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ