ရေး၊ မေ(၂၀)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ရဲစခန်းအများစုကို စစ်ကောင်စီရဲ တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားကြပြီး ရေးမြို့မရဲစခန်းတစ်ခုမှာပဲ တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
နယ်မြေရဲစခန်းနဲ့ ရဲကင်းပေါင်း ၆ ခုထက်မနည်းရှိတဲ့ ရေးမြို့နယ်ထဲမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ လာရောက်တိုက်ခိုက်နေတာကြောင့် စခန်းစွန့်ခွာသွားကြတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုအရ ခေါဇာ၊ ကျောင်းရွာ၊ နှစ်ကရင်၊ ဇီးဖြူသောင်နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေပါ မကြာခဏတိုက်ခိုက်ခံရတဲ့ လမိုင်းမြို့ထဲက လမိုင်းနယ်မြေရဲစခန်းကလည်း နေ့ပိုင်းအချိန်လောက်သာ ရဲတပ်ဖွဲ့ဝင်တွေလာကြပြီး ညပိုင်းအချိန်တွေမှာတော့ တပ်ရင်းထဲသွားရောက်နေထိုင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေးမြို့နယ်ထဲက ရဲစခန်းတွေကို စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ဒေသ PDF အဖွဲ့တွေက ၈ ကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့သလို အဲဒီထဲမှာ နှစ်ကရင်ရဲစခန်းကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။
ရဲစခန်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေမှာဆိုရင် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးထားတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းတဲ့ ဒေသတစ်ခုလည်းဖြစ်သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -Social Media