စစ်တွေ၊ မေ(၂၀)

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးကို လူသားချင်းစာနာမှု အကူအညီအတွေပေးဖို့ အဆင်သင့်ဖြစ်နေပေမယ့် စစ်ကောင်စီကနေ ခွင့်ပြုချက်ရရှိဖို့ ညှိနှိုင်းနေဆဲလို့ ကုလသမဂ္ဂ လူ သားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မေ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မုန်တိုင်းဒဏ်သင့် ဒေသအတွင်းရှိ ပြည်သူတွေကို ကူညီနိုင်ဖို့ အတားအဆီးမရှိ အချိန်မီသွားရောက်ခွင့် အရေးပေါ်လိုအပ်နေပြီး ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ဖို့နဲ့ အကူအညီတွေပံ့ပိုးနိုင်ဖို့ ခရီးသွားလာခွင့်ရရှိရေး တင်းကျပ်မှုတွေကို ဖြေလျှော့ပေးဖို့ လိုအပ်တယ်လို့ UNOCHA က ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူMs. Noriko Takagi ကလည်း မုန်တိုင်းသင့်ပြည်သူတွေအတွက် ကူညီပံ့ပိုးပေးဖို့ အသင့်ဖြစ်နေပြီလို့ မေ ၁၆ ရက် နေ့က စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုထားပါတယ်။

စစ်ကောင်စီကတော့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေး အပ်နိုင်ရေး ကုလသမဂ္ဂအေဂျင်စီတွေက မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် ဘယ်လိုပုံစံ ပူးပေါင်းမယ်ဆိုတာ အသေးစိတ်မပါရှိပါဘူး။

လက်ရှိမှာတော့ UNHCR ရဲ့ကွင်းဆင်းအဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့် ထိခိုက်ခံ စားရတဲ့ လူမှုအသိုက်အဝန်းအားလုံးကို ကူညီထောက်ပံ့ဖို့ လက်တွေ့ကွင်းဆင်းနေတယ်လို့ မေ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ လှူဒါန်းငွေထဲက ငွေကျပ်သိန်း ၇၀၀၀၀ ကို ရ ခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုထားပြီး စားနပ်ရိက္ခာအပါအဝင် ထောက်ပံ့ရေးပစ္စည်းတွေကို ပို့ဆောင်ပေးနေတယ်လို့ သတင်းစာတွေမှာ နေ့စဉ်ရက်ဆက်ဖော်ပြပါတယ်။

ဒါပေမဲ့ မုန်တိုင်းတိုက်ခတ်ပြီး ၅ ရက်ကြာတဲ့အထိ ရခိုင်ပြည်နယ်ကို လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေ စစ်ကောင်စီဘက်က မပေးနိုင်သေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို တစ်ညီတစ်ညွတ်တည်း ပြောဆိုကြပါတယ်။

“(စကစ)ကပေးတဲ့ အကူအညီနဲ့တော့ ဘယ်ကွန်မြူနတီမှ လုံလောက်မှာ မဟုတ်ဘူး၊ မလုံလောက်ဘူး။ မြေပြင်မှာလည်း မည်သည့်အဖွဲ့အစည်းမှ လာပြီးကူညီနေတာ မတွေ့ရဘူး။ စကစကလည်း ထိထိရောက်ရောက် ကူညီဖို့လုပ်နေတာလည်း သိပ်မတွေ့ရဘူး။ လာပြီးတော့ နည်းနည်းလေးပဲ ကူညီတာလောက်ပဲ ရှိတယ်။ အဲဒီမှာ နိုင်ငံတကာအဖွဲ့အစည်းတွေကို အားကိုးဖို့ မမျှော်လင့်နဲ့ဆိုပြီး ပြော ထားတာဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို သူတို့ဘက်က တိုက်ရိုက်ကူညီဖို့ ခွင့်ပြုမှာမဟုတ်သလို ပြောလိုက်တဲ့သဘောလို့ လူတွေက ယုံကြည်တယ်။ ကျွန်တော်တို့ ရိုဟင်ဂျာကွန်မြူနတီဘက်က ပြောမယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းကဖြစ်ဖြစ်၊ UN အေဂျင်စီကဖြစ်ဖြစ် သူတို့ကူညီမယ့်ဟာကို သူတို့ကိုယ်တိုင်ပေးနိုင်ရင်တော့ ပိုကောင်းတယ်လို့ ယူဆတယ်”လို့ သူက ပြောပါတယ်။

လက်ရှိအခြေအနေမှာလည်း စစ်တွေမြို့ပေါ်ရှိ ရိုဟင်ဂျာတွေဟာ စားဝတ်နေရေးလုံလောက်မှု မရှိတဲ့အပြင် ကုန်ပစ္စည်းဈေးနှုန်းတွေလည်း ဈေးတက်နေတဲ့အတွက် ဝယ်ယူဖို့မတတ်နိုင်ကြဘူးလို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် အိမ်ခြေလုံးဝပျက်စီးသွားတဲ့ မိသားစုတွေဟာ နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းအိမ်မှာ သွား ရောက်နေထိုင်ကြသလို တချို့မိသားစုတွေဟာ လမ်းမပေါ်ပြန့်ကျဲပျက်စီးနေတဲ့ ပစ္စည်းတွေကို ရှာဖွေပြီး ယာယီတဲငယ်တွေ ဆောက်လုပ်နေထိုင်နေရပါတယ်။

ကျောက်တော်မြို့နယ်အတွင်း မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးကတော့ လတ်တ လောမှာ စစ်ကောင်စီကနေ ဘာအထောက်အပံ့မှ မရရှိသေးသလို ရိက္ခာနဲ့အမိုးအကာ အရေးတကြီး လိုအပ်နေတဲ့အတွက် အကူအညီတွေ အမြန်ဆုံးရောက်စေချင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလောလောဆယ် ဘာမှမရှိသေးပါဘူး။ သူတို့ကတော့ ရိက္ခာပိုင်းတော့ မပြောတတ်ဘူး၊ ကျွန် တော်တို့ စာရင်းကောက်ယူနေတာနဲ့ ပတ်သက်ပြီး သံဖြူတွေပေးမယ်လို့ ပြောလာပါတယ်။ ဘယ်အချိန်ပေးလာမယ်ဆိုတာ မသိသေးပါဘူး။ အခုက ဘာမှမပေးသေးပါဘူး။ အခုလောဆယ် ကျွန် တော်တို့က အမိုးအကာနဲ့ ရိက္ခာပိုင်းပေါ့၊ နှစ်ခုစလုံးက အရေးကြီးနေပါတယ်။ ဒါပေမယ့် နံပါတ်တစ် အရေးကြီးတာက အမိုးအကာ။ ညနေကျလို့ရှိရင် မိုးလည်းရွာတော့ သူတို့မှာနေစရာမရှိဘူး ဖြစ်နေတယ်။ အမိုးအကာတော့ နံပါတ်တစ် ဦးစားပေးစေချင်တယ်။ ပြီးမှ စားနပ်ရိက္ခာပိုင်း၊ စားနပ်ရိက္ခာပိုင်းကလည်း ပြတ်လပ်နေပါပြီ။ အဲဒါနှစ်ခုစလုံး နံပါတစ်မှာ ထားရမယ်။ ဘာပဲဖြစ်ဖြစ် နှစ်ခုထဲကတစ်ခုခုတော့ အမြန်ဆုံးအကူအညီ ရောက်စေချင်တာပေါ့”လို့ သူက ဆိုပါတယ်။

မေ ၁၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအ နောက်မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ၅ သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့ (UNOCHA) က ခန့်မှန်းထားတာပါ။

ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၇ ခုနဲ့ ချင်းပြည်နယ်က မြို့နယ် ၄ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေအဖြစ် စစ်ကောင်စီ သတ်မှတ်ထားပြီး ပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်ဗိုလ်ချုပ်အရာရှိ ၁၈ ဦးကို တာဝန်ပေးထားတယ်လို့ မေ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.