ပုလော၊ မေ(၂၀)
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲမှာ မေလဒုတိယအ ပတ်ကပြီး ဆန်ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်လာသလို ကျေးရွာတွေဘက်မှာ ဝယ်ယူဖို့ပိုမိုခက်ခဲလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ကာလတွေတုန်းက ပေါ်ဆန်းတစ်အိတ်ကို ကျပ်တစ်သိန်းသာရှိရာကနေ လက်ရှိမှာတော့ တစ်အိတ်ကို ကျပ်တစ်သိန်းခွဲကျော်အထိ ဈေးနှုန်းမြင့်တက်လာလို ဆန်ကြမ်းကလည်း တစ်အိတ်ကို ကျပ် ၈၀၀၀၀ ကျော်ကနေ ကျပ်တစ်သိန်းကျော်အထိ ဈေးတက်လာတာ ဖြစ်ပါတယ်။
ဆန်ဈေးနှုန်းဟာ စစ်ကောင်စီဘက်က ဆန်သယ်ယူခွင့် ကန့်သတ်ထားတာ၊ တစ်အိတ်နဲ့အထက် သယ်ဆောင်ပါက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ သိမ်းယူခံရတာ၊ မိုးတွင်းကာလဖြစ်တာကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒေသခံတစ်ဦးကတော့ ဆန်ဈေးနှုန်းအဆမတန် မြင့်တက်လာတာကြောင့် ဝယ်ယူစားသောက်ဖို့ပင် အခက်အခဲ ရှိလာသလို တချို့ကျေးရွာမှာဆိုရင် ဆန်ဝယ်လို့မရတဲ့အထိ အခြေအနေဆိုးလာတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပုလောမြို့ပေါ်က ဆန်ဆိုင်နဲ့ ဈေးဆိုင်ပိုင်ရှင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ရှောင်စခန်းတွေဆီ ဈေးရောင်းပေးတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ် ဆောင်နေတာဖြစ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ကုန် ဈေးနှုန်းကြီးမြင့်ဒဏ်ကို ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
ပုလောမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ် ရေးတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၂၀၀၀ နီးပါးဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာတောတောင်နဲ့ စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ