ရန်ကုန် – မေ(၁၉)
မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ အိန္ဒိယရေတပ်သင်္ဘော(၃) စင်း ရန်ကုန်မြို့ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာ တွေမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၈) ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းတွေဖြစ်တဲ့ အရေးပေါ် အစားအစာ၊မိုးကာတဲတွေ၊ရွှေ့ပြောင်းရလွယ်တဲ့ မီးစက်တွေ၊ အဝတ်အထည်တွေ၊ ရေစုပ်စက်၊ဆေးဝါး၊တာပေါလင်စတွေ၊ တကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်း၊ ဘီတပ် ထိုင်ခုံ တွေနဲ့ Mask အပါအဝင် စုစုပေါင်း တန်ချိန်(၄၀) ကို “ကရုဏာ”ဆိုတဲ့ စီမံချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကတဆင့် စစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ တာပါ။
ကူညီထောက်ပံ့ပေးထားတဲ့ ပစ္စည်းတွေကို မုန်တိုင်းဒဏ်သင့်ထားတဲ့ ရခိုင်ပြည်နယ်ကို ချက်ချင်း ပေးပို့ သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီနေ့ မေလ(၁၉) ရက်နေ့မှာလည်း အိန္ဒိယရေတပ်သင်္ဘော (၁) စင်းထပ်မံရောက်ရှိလာပြီး အကူအညီပေးဖို့ရှိသေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ