မော်လမြိုင် – မေ(၁၉)
မုန်တိုင်းကြောင့် သေကြေထိခိုက်မှု၊ပျက်စီးဆုံးရှုံးမှုတွေနဲ့ မုန်တိုင်းနောက်ဆက်တွဲအကျိုးဆက်တွေ ကိုရင်ဆိုင်နေရတဲ့ မုန်တိုင်းသင့်ဒေသက ပြည်သူတစ်ရပ်လုံးအတွက်များစွာစိတ်မကောင်းဖြစ်ရသလို ပြည်သူတွေအခက်အခဲ ဘေးဒုက္ခကြုံတွေ့နေရချိန်မှာ အကောင်းဆုံးကာကွယ်ပေးဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၈) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ကအခုလိုပြောခဲ့တာပါ။
“အမျိုးသားညီညွတ်ရေးအစိုးရက တရားမျှတမှု အတွက် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအစိုးရ တစ်ရပ်ဖြစ်လင့်ကစား ပြည်သူထဲက ပေါက်ဖွားလာပြီး ပြည်သူကို ဗဟိုပြုသည့်အစိုးရဖြစ်သဖြင့် ပြည်သူတွေ အခက်အခဲ ဘေးဒုက္ခတွေ တွေ့ကြုံရချိန်မှာ အကောင်းဆုံးကာကွယ်ပေးရန်လိုအပ်သလို ပြန်လည်ကုစားမှုတွေကိုလည်း ကြိုးစားဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ရည်မှန်းထားတဲ့ ပန်းတိုင်ကို သွားမယ့်ခရီးလမ်းမှာ အခုလိုပေါ်ပေါက်လာတဲ့ မမျှော်လင့်ထားတဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ပြည်သူ့အားနဲ့ ဆက်လက်ကျော်ဖြတ်ကြရမှာဖြစ်ပြီး ဘယ်လို အခြေအနေမျိုးတွေ့ကြုံပါစေ မူလရည်မှန်းချက်ပန်းတိုင်ကိုအရေးသွားနိုင်ဖို့ နှောင့်နှေးသွေးဖယ်မှုတွေ ရှိမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။
မုန်တိုင်မဝင်ခင် မေလ(၄) ရက်နေ့တည်းက ကြိုတင်စောင့်ကြည့်ပြင်ဆင်တာ၊ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တာ၊အရေးပေါ် ရန်ပုံငွေအပါအဝင် လိုအပ်တဲ့ အစီအမံတွေ ပြင်ဆင်ပြီး စဉ်ဆက်မပြတ်စောင့်ကြည့် စီမံဆောင်ရွက်ပေးနေကြတဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အုပ်ချုပ်ရေးခေါင်းဆောင်တွေ၊ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုခဲ့ပါတယ်။
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ အနေနဲ့ မူဝါဒပိုငးဆိုင်ရာ ပြန်လည်သုံးသပ်ချက်တွေပြုလုပ်နေသလို ဖွဲ့စည်းပြီးဖြစ်တဲ့ တိုင်ကြားစာ ဗဟိုကော်မတီအနေနဲ့ လည်း လုပ်ငန်းတွေကို သွက်လက်စွာ စီမံဆောင်ရွက်ပေးဖို့ လိုတယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်တွေက (၁၉/၂၀၂၃) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းခဲ့ကြပြီး တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ် လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန