ချင်းမိုင် – မေ(၁၈)
အပစ်ရပ် (၇) ဖွဲ့က NCA ရဲ့ အနှစ်သာရအပေါ် ခိုင်မာစွာရပ်တည်ပြီး နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ မေလ(၁၇) ရက်နဲ့ (၁၈) ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း(၇) ဖွဲ့ရဲ့ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးပြီးနောက် ထုတ်ပြန်ထားတာပါ။
အဲဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေ ရှာဖွေခဲ့ကြကာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေး နွေးပွဲ ဖြစ်ပေါ်လာဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အမျိုးသားရေးလုပ်ငန်းစဉ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်ရေးတို့ ပါဝင်ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုအပ်တဲ့ဖက်ဒရယ် အခြေခံမူတွေအပေါ် ခိုင်မာစွာရပ်တည်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုအစည်းအဝေးဟာ မတ်လနှောင်းပိုင်းက ကျင်းပခဲ့တဲ့ အပစ်ရပ်(၇) ဖွဲ့ရဲ့ အလွတ်သဘောဆွေး နွေးညှိနှိုင်းရေးအဖွဲ့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မ တီ(NSPNC) တို့အလွတ် သဘောတွေ့ဆုံမှုမှာရရှိခဲ့တဲ့ သဘောထားစုစည်းချက်တွေကို သုံးသပ်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တခြားမုန်တိုင်းဒဏ်သင့် ပြည် နယ်တွေနဲ့ တိုင်းဒေသကြီးတွေရဲ့ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ အပစ်ရပ် (၇) ဖွဲ့အနေနဲ့ တတ်စွမ်းသလောက် ပါဝင်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် NCA-S EAOနဲ့ AHA Center တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်တွေကိုလည်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြတဲ့အပြင် အရပ်သားကာကွယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နည်းလမ်းရှာဖွေ လုပ် ဆောင်သွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။
အပစ်ရပ်(၇)ဖွဲ့မှာတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU /KNLA-PC) ၊ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ကျောင်းသားတပ်မတော် (ABSDF) ၊လားဟူ ဒီမိုကရက်တစ်အ စည်းအရုံး(LDU) ၊ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -NCA-S EAO