တနင်္သာရီ – မေ(၁၈)
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းလမွန်ရွာနဲ့ ညောင်ပင်ကုန်းရွာကြား (၄၃၃) တံတားအနီးမှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းထိပြီး (၅) ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ် ပ.က.ဖ ပြန်ကြားရေးက ပြောပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၁၇) ရက်နေ့ မနက်ပိုင်းက မြိတ်ဘက်ကနေ တနင်္သာရီကို အင်အား (၈၀) ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်း(၂) လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။
ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီအမြှောက်တပ်က ဘန်းလမွတ်ဘက်ကို ဆင်းလာတဲ့တပ်တွေဖြစ်ပြီး ခြေလျင်စစ်ကြောင်းအတွက် ရှေ့ပွိုင့်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ပစ်ခတ်တာတွေလုပ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်တွေက ပြန်လည်ပစ်ခတ်ခဲ့တာမရှိဘူးလို့ ပ.က.ဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီနောက် မိုင်းဆွဲခံရပြီးချိန်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့သူတွေကို အရပ်သားကားတွေနဲ့ မြိတ်ဘက်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာမှာပဲ စခန်းချထားပြီး ရှေ့ ဆက်တိုးလာတာမရှိသလို တပ်ပြန်ဆုတ်တာလည်း မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ(၇) ရက်နေ့ကလည်း တနင်္သာရီမြို့နယ် လသာရွာအနီး မြိတ်-မောတောင်သွား ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားမိုင်းဆွဲခံရပြီး (၅) ဦးထိခိုက်ခဲ့ပါသေးတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media