စစ်တွေ- မေ (၁၉)

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မုန်တိုင်းဒဏ်သင့် စစ်တွေမြို့ကို သွား ရောက် ကြည့်ရှုခဲ့ပေမယ့် ထိရောက်တဲ့အကူအညီပေးတာတွေမရှိသေးသလို အလှူငွေတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာ သုံးစွဲတာမတွေ့ရသေးဘူးလို့ မုန်တိုင်းဒဏ်ခံပြည်သူတွေနဲ့ လေ့လာသူတွေက ဝေဖန်နေပါတယ်။

မုန်တိုင်းအဓိက ဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် ပြည်နယ်အတွင်းက မြို့နယ် (၁၇) မြို့နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်(၄) မြို့နယ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၁၁) အရ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် သတ်မှတ်ပြီး စစ်ကောင်စီက အလှူငွေကောက်ခံနေတာပါ။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီကောက်ခံထားတဲ့အလှူငွေတွေဟာ ဘယ်အချိန်ရောက်မယ်ဆိုတာ အတိအကျမသိရသေးသလို ပြည်သူတွေကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြပေးတာလည်း မရှိဘူးလို့ လေ့လာသူတစ်ဦးက ပြောပါတယ်။

“ စစ်ကောင်စီမှာ စာရင်းသာရှိတယ်။ပါးစပ်ကနေသာပြောနေတယ်။ အရေးပေါ်ရန်ပုံငွေနဲ့ပတ်သက်လို့ နိုင်ငံတကာအင်အားစုတွေရဲ့ ထောက်ပံ့မှု ဘာမှမရှိဘူးလို့ပြောချင်တယ်။ ထုတ်သုံးစရာမရှိဘူး ဒါပဲလေ”လို့သူကဆိုပါတယ်။

မုန်တိုင်းဒဏ်သင့်ပြည်သူတွေဟာ လက်တလောမှာ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အဓိက လိုအပ်နေပြီး ပြန်လည်ထူထောင်ရေးအတွက် မျိုးစပါးနဲ့ရေငန်ဝင်ရောက်လို့ ပျက်စီးသွားတဲ့ စိုက်ပျိုးမြေတွေမှာ ပြန်လည်စိုက်ပျိုးဖို့အတွက် စစ်ကောင်စီဘက်က ထိရောက်တဲ့ပံ့ပိုးမှုတွေ လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေတာပါ။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းက ပြည်သူ (၅.၄) သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်ခဲ့တဲ့အတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ မုန်တိုင်းသတင်းကို ကြိုတင်ရထားသလို လေ့လာသူတွေက သတိပေးထားပေမယ့် ကြို တင်ပြင်ဆင်မှုတွေအားနည်းခဲ့တယ်လို့ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကထောက်ပြထားပါတယ်။

“ မုန်တိုင်းမတိုက်ခင် ဆယ်ရက်လောက်ကတည်းက သိတယ်။ နီးလာချိန်မှာ ရခိုင်မြောက်ပိုင်းကနေ ဖြတ်မယ်လို့ ပညာရှင်တွေက အတိအကျသတိပေးလာကြပါတယ်။ အဲဒီလို ကြိုအသိပေးလို့ ဒေသခံတွေအနေနဲ့ ကိုယ့်ဘာသာ ကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်ခဲ့တယ်ပေါ့။ အထူးသဖြင့် မြေနိမ့်ပင်လယ်ကမ်းစပ်ရွာတွေပေါ့။ အဲဒီတွေကနေကုန်းမြင့်တဲ့ နေရာတွေကို ရွှေ့တာပေါ့လေ။ အဲဒီလိုလုပ်ဖို့အ တွက် စစ်ကောင်စီက လုပ်ဆောင်မှု အားနည်းခဲ့တာပေါ့။ သူတို့က ကြေညာချက်ထုတ်ရုံထုတ်ခဲ့တာလေ “ လို့ ဝါရင့် ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။အခုချိန်မှာတော့ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရအတွက် အနည်းဆုံး လူ(၈) သိန်း လောက်ဟာ အရေးပေါ်စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆိုထားပြီး အဲဒီထက်လည်း များနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းကြောင့် စစ်တွေမြို့က လူဦးရေ (၁) သိန်းကျော်ဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်တွေ၊ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေက မုန်တိုင်းကြောင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို ဒေသခံတွေက ကိုယ်ထူကိုယ်ထ ပြန်လည်ပြင်ဆင်နေရပြီး စစ်ကောင်စီဘက်က ဘာမှကူညီပေးနေတာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ရဲ့ပေါ်လစီအရတော့ သူတို့က အလာပြတာပေါ့ဗျာ။ ဒါပေမဲ့ ပြည်သူတွေဆီကိုဘာတွေ ဘယ် လိုပို့မယ် ဆိုတာတော့ သေချာမသိရသေးပါဘူးဗျာ။ သူတို့က မြို့ပေါ်ပဲလာတာ။ ဖြစ်သွားတာက စစ်တွေတင်မကဘူး။ ရခိုင်မြောက်ပိုင်းတစ်ခုလုံးဗျ။ ပင်လယ်နားကရွာတွေဆိုရစရာမရှိဘူး။အဲဒီရွာတွေက အဓိက လိုအပ်တာကိုး“ လို့ စစ်တွေဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ဆုံးရှုံးမှုတန်ဖိုး (၂၅၅၇) သန်းရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုတွေဟာ ဟန်ပြပုံစံသာ ရှိနေသေးတဲ့အတွက် ပြည်တွင်းပြည်ပက လေ့လာသုံးသပ်သူတွေက ဝေဖန်နေကြချိန်မှာ NUG ကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန် ဒေါ်လာ(၁) သန်း မတည်ထားတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.