စစ်တွေ – မေ(၁၇)
ရခိုင်ပြည်နယ်ကိုဝင်ရောက်ခဲ့တဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးမှုတွေ အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ NUG အစိုးရက ငွေကျပ်သိန်းတစ်ထောင်လှူဒါန်းခဲ့တယ်လို့ ULA/AA ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့မေလ(၁၄) ရက်နေ့က ရခိုင်ပြည်နယ်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် စစ်တွေမြို့အပါအဝင် ဒေသတော်တော်များများဟာ (၉၅) ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးခဲ့ရတာပါ။
ဒီလိုထိခိုက်ပျက်စီးမှုတွေအတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့နေရာမှာ အသုံးပြုဖို့အတွက် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်နဲ့ ရက္ခိုင့်တပ်တော် ရဲ့ညီနောင်မဟာမိတ်အဖွဲ့တစ်ခု ဖြစ်တဲ့ MNDAA ကလည်း အလှူငွေသိန်းတစ်ထောင် ပေးအပ်ထားတယ်လို့ သိရပါတယ်။
အခုလို ရခိုင်ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကူညီထောက်ပံ့ခဲ့တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ က လက်မှတ်ရေးထိုးထုတ်ပြန်ထားတာဖြစ်ပါတယ်။
မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ပြည်သူတွေ ပိုမိုဆိုးရွားတဲ့ အခြေအနေမရောက်ရှိဖို့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး အရေးပေါ်အကူအညီတွေနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ ပေးကြဖို့ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ MNDAA တို့ကလည်း နိုင်ငံတကာကို တောင်းဆိုထားကြပါတယ်။
ဒါ့အပြင် မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့လည်း ညီနောင်မဟာမိတ်အဖွဲ့တွေက ပြောဆိုထားပါတယ်။
လက်ရှိအချိန်ထိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတဝှမ်းမှာ သေဆုံးသူ (၄၃၅) ဦးရှိပြီ လို့ NUG ကထုတ်ပြန်ထားသလို မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက်လည်း အမေရိကန်ဒေါ်လာ တစ်သန်း မတည်ဆောင်ရွက်သွားဖို့ရှိတယ်လို့ အသိပေးထားပါတယ်။
NUG က မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် လုပ်ဆောင်နေပေမယ့် အာဏာသိမ်းစစ်ကောင်စီ ကတော့ မုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်ရန်ပုံငွေကို ဘယ်လောက်ထုတ်ယူ သုံးစွဲမယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးသလို မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးတာမရှိသေးဘူးလို့ ကယ်ဆယ်ရေးသမားတွေက သံလွင်တိုင်းမ် ကိုပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ULA/AA