မြဝတီ – မေ(၁၇)
ကရင်ပြည်နယ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ မြဝတီမြို့နယ် ကျောက်မိုင်းဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
မေလ(၁၇) ရက်နေ့ မနက်အစောပိုင်းမှာ မြဝတီမြို့နယ် ကျောက်မိုင်းဒေသဘက်ကို စစ်ကောင်စီ ဂျက်ဖိုက်တာက (၃) ကြိမ်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ တော်လှန် ရေးအင်အားစုတွေက ဆိုပါတယ်။
စစ်ကောင်စီက အခုလိုလေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာဟာ မြေပြင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာ များပြားနေတဲ့အတွက်ဖြစ်တယ်လို့ တော်လှန်ရေးသမားတစ်ဦးက ပြောပါတယ်။
မြဝတီမြို့နယ် လက်ခတ်တောင်နဲ့ ကျောက်မိုင်းဒေသဘက်မှာ KNLA တပ်မဟာ -၆ ၊ ကော်ဘရာ စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings နဲ့ Golden Eagle စတဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တို့ဟာ မေလ(၁၁) ရက်နေ့ကနေ (၁၇) ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေအတွင်း BGF တပ်ဖွဲ့ဝင်(၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၄၀) နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က (၁) ဦးကျဆုံးကာ (၁၀) ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကော်ဘရာနဲ့ ကျားသစ်နက်စစ်ကြောင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။
KNU တပ်မဟာ-၆ ဒူးပလာယာခရိုင် အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်လိုလို ကျူးလွန်နေတာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၁) လအတွင်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်အဆောက်အဦးပေါင်း (၄၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Cobra Column