မုန်း- မေ(၁၇)
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ (၃) တို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို စစ်ကြောင်းထိုးနေလို့ ပြည်သူတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့မနက်အစောပိုင်းက KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို ထိုးစစ်ဆင်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ကျေးရွာ(၈) ရွာက ပြည်သူ (၈၆၉၆) ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ KNU ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာနဲ့ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒာဆူးက အခုလိုပြောထားပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှု၊ မတရားဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပြီးလို့ရှိရင်ရွာသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုမှုတွေ၊ ရွာသားတွေကို သတ်ဖြတ်မှုတွေ၊ ဒါတွေဟာဆက် လက်ပြီးတော့မှ ဖြစ်ပွားနေတုန်းပဲပေါ့နော်။ အထူးသဖြင့် ကျွန်တော်တို့ တပ် မဟာ(၁)၊ တပ်မဟာ(၃)၊ တပ်မ ဟာ(၅)နဲ့ တပ်မဟာ(၆)မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အများဆုံးဖြစ်ပွားနေတယ်လို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်။ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု၊လေကြောင်းတိုက်ခိုက်မှုတွေ ဆက် လက်ဖြစ်ပွားနေတယ်။ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရကြတယ်။ သေဆုံးကြရတယ်။ အ ကြောက်တရားတွေနဲ့ နေထိုင်ရတယ်။ လွတ်လပ်စွာသွားလာနေထိုင်ခွင့် မရှိသေးဘူး။ အသက်မွေး ဝမ်းကျောင်းအတွက်လည်း ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်မို့ အခက်အခဲတွေအများကြီး ကြုံတွေ့နေရတယ်” လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ ကျောင်းစု(ပေါ်ပီဒဲ) ကျေးရွာအတွင်း တပ်စွဲထားကာ ပြည်သူတွေကို ဖမ်းဆီးတာနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ ထွက်ပြေးတိမ်း ရှောင်လာတဲ့ ဒေသခံတွေက ဆိုထားပါတယ်။
အခုလို စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေကြောင့် ပြည်သူတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ KNU က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၀) ရက်နေ့ကလည်း မုန်းမြို့နယ် ညောင်ပင်သာကျေးရွာအတွင်း နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၃၀) နီးပါးကို ဖမ်းဆီးခဲ့ပြီး ကလေး (၄) ဦး၊အမျိုးသမီး(၁၁) ဦးအပါအဝင် ပြည်သူ (၂၀) လောက်ကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သလို ပြည်သူ (၇) ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
မုန်းမြို့နယ်ကို စစ်ကောင်စီလက်အောက်ခံတပ်တွေက နေ့စဉ်လိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ