ဘီးလင်း – မေ(၁၇)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာနဲ့ နတ်ကြီးကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား (၂) ရက်အတွင်း တိုက်ပွဲ(၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂၀) ထက်မနည်းသေဆုံးထားသလို အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် တပ်မဟာ-၁ က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၅) ရက်နဲ့ (၁၆) ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မဲဝိုင်းဘက်က ဘီးလင်းကို ဆင်းလာတဲ့ စစ်ကောင်စီအင်အား(၁၀၀) နီးပါးဟာ အစူးချောင်းကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့သလို မေလ(၁၆) ရက်နေ့မှာတော့ တိုက်ပွဲ (၄) ကြိမ်ထပ်မံဖြစ် ပွားခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ဘီးလင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ပိတ်မိခဲ့ပေမယ့် မိုးရွာလာချိန်မှာတော့ KNLA ဘက်က လမ်းဖွင့်ပေးလိုက်တာကြောင့် အထိုင်ချတဲ့နတ်ကြီးစခန်းကို ပြန်လည်ရောက်ရှိသွားတာဖြစ်ပြီး အဲဒီစခန်းကိုဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့သေးပေမယ့် ထိခိုက်တာမရှိဘူးလို့ သထုံခရိုင် တပ်မဟာ-၁ ဥက္ကဋ္ဌက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က သေဆုံးသူတွေရဲ့အလောင်းတွေကို လာရောက်ကောက် ယူတာမရှိသေးသလို ဒဏ်ရာရရှိသူတွေကိုတော့ နတ်ကြီးစခန်းမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

နတ်ကြီးစခန်းမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဟာ ဘီးလင်းမြို့နယ်ထဲကို ပြန်ဆင်းဖို့ ပြင်ဆင်တာတွေရှိနေပေမယ့် KNLA ပူးပေါင်းတပ်တွေ ပိတ်ဆို့ထားတဲ့အတွက် ပြန်မဆင်းနိုင်သေးဘဲ တိုက်ပွဲထပ်မံဖြစ်ပွားမယ့် အခြေအနေရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အစူးချောင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာ ၃ ရွာလောက်က ဒေသခံတွေဟာ ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်စာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ပုံဟောင်းဖြစ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.