ဒီးမော့ဆို – မေ(၁၇)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက ဒေသတွေကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ နေ့ရောညပါတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၃) ရက်နေ့ကစပြီး စစ်ကောင်စီရဲ့အင်အား (၂၀၀) လောက်ပါတဲ့ စစ်ကြောင်းဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
စစ်ကောင်စီစစ်ကြောင်းမှာ ၄၂၇ တပ်ရင်း၊ ၅၄ တပ်ရင်း၊ ၁၀၂ တပ်ရင်း၊ ၃၆၀ တပ်ရင်းအပြင် တပ်မ ၆၆၊တပ်မ ၅၅၊ တပ်မ ၉၉ ၊ တပ်မ ၂၂ နဲ့ စ.က.ခ – ၂ လက်အောက်ခံ တပ်ရင်းတွေ စစ်ကြောင်းမှာ ပါဝင်တိုက်ခိုက်နေတာဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတာဖြစ်တယ်လို့ KNDF ဗျူဟာမှူးခူးရီးဒူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ထိခိုက်ကျဆုံး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလကလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါတမကြီးအုပ်စုထဲကို အထိုင်ချဖို့ ပြင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင် စီဘက်က ပြန်လည်ဆုတ်ခွာသွားခဲ့ရပါသေးတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးမယ်လို့ ဖေဖော်ဝါရီလ(၂) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ (၂) သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ပြည်နယ်လူဦးရေရဲ့ (၇၅) ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ- KNDF B05