ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က အလွန်အလွန့်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါ ဝင် ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သလို မြို့တော်စစ်တွေဟာလည်း ၉၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်သူတွေဟာ အမိုးအကာ၊ သန့်ရှင်းတဲ့ သောက် သုံးရေ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေ၊ လတ်တလော လိုအပ်နေတဲ့ အကူအညီတွေနဲ့ မုန်တိုင်းသင့် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ လူအသေအပျောက် အခြေအနေကရော ဘယ်လိုတွေ ကြားရပါသလဲ။
လူအသေအပျောက်တော့ ကျွန်တော်လည်း တိတိကျကျ မသိရသေးဘူး။ ဘယ်နှစ်ယောက်မှန်းမသိဘူး ဖြစ် နေတယ်။ ပျက်စီးသွားတာတော့ စစ်တွေတို့၊ ပုဏ္ဏားကျွန်းတို့၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် အဲဒီ ဘက် တွေက အများဆုံးထိတယ်။ မြေပြင်ကယ်ဆယ်တဲ့အဖွဲ့တွေ ကိုယ်တိုင်ကတိတိကျကျ မပြောသေးဘူးပေါ့။ သူ တို့လည်း ရှာဖွေကယ်ဆယ်နေတုန်းပဲ ပြောနေတော့ ကျွန်တော်တို့လည်း ဘာမှအတည်ပြုလို့ မရသေးဘူး။
-မုန်တိုင်းသင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ထိခိုက်မှုအခြေအနေကရော ဘယ်လိုတွေ ရှိနေပါသလဲ။
စစ်ဘေးရှောင်တွေကတော့ အများကြီးထိတာပေါ့။ သူတို့ကအိမ်တွေက တည်ဆောက်ထားတာ မဟုတ်တော့ သူတို့က အများကြီးထိတယ်။ တချို့နေရာတွေကျတော့လည်း သွားလို့မရသေးတာ၊ တချို့ရွာတွေကျတော့ လည်း လက်လှမ်းမမှီဘူး။ မနေ့ကထိဆို သူတို့ဆီလည်း အကူအညီတွေက မရောက်ကြသေးဘူး။
-မုန်တိုင်းသင့် ပြည်သူတွေကို လတ်တလော ဘယ်နေရာတွေမှာ ထိန်းသိမ်းစောင့်ရှောက်ထားပါသလဲ။ ကယ်ဆယ်ရေးစခန်းတွေမှာ ရှိနေသူတွေရဲ့ အခြေအနေတွေလည်း ပြောပြပေးပါဦး။
ကယ်ဆယ်ရေးတွေက အများအားဖြင့် ဘုန်းကြီးကျောင်းတွေ၊ ရွာရဲ့စာသင်ကျောင်းတွေမှာ ထားတယ်။ ဒါပေ မယ့် အဲဒီနေရာတွေကလည်း လုံခြုံလားဆို မလုံခြုံဘူး။ အမိုးတွေဘာတွေပွင့် သွားတာလည်းရှိတယ်။ ဒါပေမယ့် မလုံခြုံပေမယ့် လုံခြုံတဲ့နေရာက အဲဒီနေရာလေးက အကောင်းဆုံးဖြစ်နေတော့ အဲဒီလိုမျိုးနေရာတွေမှာပဲ ထား ကြတာပေါ့ အခုထိတော့။
-ရခိုင်ဒေသက မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် လတ်တလောမှာ ဘာအကူအညီတွေ လိုအပ်နေပါသလဲ။
လတ်တလော လိုအပ်တာကတော့ အမိုးအကာတွေ လိုအပ်မယ်။ အစားအသောက်နဲ့ သန့်ရှင်းတဲ့ရေတွေ လို အပ်မယ်။ အိမ်ကိုခိုင်ခိုင်မာမာ မလုပ်နိုင်ရင်တောင် အနည်းဆုံး ဒီမိုးကာလေးတွေရပြီးတော့ ယာယီတဲတွေ ထိုးပြီးတော့မှ နေထိုင်လို့ရတယ်။ ကျေးရွာတွေဘက်မှာတော့ ကျန်းမာရေးအဖွဲ့တွေကတော့ လက်လှမ်းမီ သလောက် ကုသပေးနေတာတွေ ရှိတယ်။ မြို့ပေါ်မှာတော့ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီးမှပဲ လက်လှမ်းမီ သမျှ လုပ်ဆောင်နေကြတာပဲ။ လက်ရှိမှာတော့ တခြားအကူအညီအထောက်အပံ့တွေ ဘာမှမရသေးဘူး။ အင်တာနက်လိုင်းအဆင်မပြေတာတွေ အခုက လူတိုင်းအိမ်က ပျက်စီးသွားတော့ ပရဟိတအိမ်တွေကလည်း သူတို့အိမ်နဲ့သူတို့ ပြင်ဆင်နေရတယ်။ နောက်ပြီး သူများအိမ်ကိုလည်း ကူနေရတော့ သူတို့လည်း လက်လှမ်းမမီ နိုင်ဘူးပေါ့။ ကျွန်တော်ဆီရောက်ရင်တော့ ကျွန်တော်တို့ကတော့ မြို့နယ်တစ်ခုချင်းဆီတော့ ပေးမှာ မဟုတ် ဘူး။ ကျွန်တော်တို့မှာ ဘုံစဉ်းစားနေတာရှိတယ်။ စုပြီးမှပဲ အကုန်လုံးပြန်ဖြန့်မယ်။ အဲဒီလိုပြင်ဆင်ထားတယ်။
– စစ်ခေါင်းဆောင်က ရခိုင်ကို လာရောက်ပြီးချိန်မှာ မုန်တိုင်းသင့်ပြည်သူတွေအတွက် ဘာတွေ ကူညီလုပ်ဆောင်ပေးခဲ့လဲ။ ပြည်သူတွေကရော ဘာတွေပြန်ပြောတာရှိလဲ။
လာတော့ တွေ့တာပေါ့။ သူတို့ရဲ့ ပေါ်လစီအရ သူတို့လာကြတာပဲ။ ဒါပေမယ့် သူတို့လက်ရှိ ဘာတွေ ပြုပြင် ပေးထားတယ်။ ဘာတွေလုပ်ဆောင်ပေးထားတယ်ဆိုတာ ကျွန်တော်တို့ ဘာမှမသိရသေးဘူး။ သူတို့ကယ် ဆယ်ရေးအဖွဲ့တွေ ကိုယ်တိုင်ကို တိုက်ရိုက်မေးကြည့်မှ သိရလိမ့်မယ်။ ပြည်သူတွေဆီကိုတော့ မရောက်သေး ဘူးပေါ့။ သူတို့က မြို့ပေါ်ပဲ ရောက်တာကိုး။ ကျွန်တော်တို့မှာက စစ်တွေမြို့တစ်ခုတည်း ဖြစ်တာမဟုတ်ဘူး လေ။ မြောက်ပိုင်းတခုလုံးက အကုန်လုံးဖြစ်တာ။ ပြီးတော့ မြို့ပေါ်တစ်ခုတည်း မဟုတ်ဘူး။ ကျေးရွာတွေ ဆို အများကြီးထိတာ။ ပင်လယ်နားမှာရှိတဲ့ ရွာတွေဆို ရစရာမရှိတော့ဘူး။ အဲဒီရွာတွေအတွက်က အဓိက လိုအပ် တာပေါ့။