ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ စစ်ကောင် စီတပ်နဲ့ BGF တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့် လုပ်ဆောင်လာတဲ့အတွက် ပြည်သူလူထု ၄ သိန်းကျော်ဟာ ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေကြရပြီး အသက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက မေ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူလူထု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ၊ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဆက်လက် လိုအပ်နေတဲ့ လူသားချင်စာနာမှု အကူအညီတွေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁ လနဲ့ အခု မေလအတွင်း KNU နယ်မြေမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေ ဘယ်လိုဆက်ရှိနေလဲ။

KNUထိန်းချုပ်နယ်မြေအတွင်းမှာ ဧပြီလနဲ့မေလအတွင်းမှာဆိုရင်  စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပက်သက်ပြီး ကျွန်တော်တို့ရဲ့ ပြုစုချက်အရ လေကြောင်းတိုက်ခိုက်မှု၊ လူသားဒိုင်းအဖြစ်အသုံးပြုမှုတွေ သတ် ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ ဒါတွေက ဆက်လက်ဖြစ်ပွားနေတုန်းပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အထူးသဖြင့် တပ်မဟာ၁၊ တပ်မဟာ၂၊ တပ်မဟာ၃နဲ့ တပ်မဟာ၅နယ်မြေတွေမှာ ဖြစ်ပွားနေတာပေါ့။ နောက်  စစ်ဘက်ဆိုင်ရာလုပ်ဆောင်ချက်က အထူးသဖြင့် တပ်မဟာ၅လို နေရာဒေသမှာဆိုရင် သူတို့က ရှေ့တန်းတပ် တွေကို အရန်ဖြည့်တင်းတာ ရှိနေတယ်။ ရှေ့တန်းတပ်သားတွေက ပိုင်ဆိုင်မှုပစ္စ္စည်းတွေကို ဖျက်ဆီးတာတွေ အထူးသဖြင့် ဒေသခံရွာသားတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို လုယူခြိမ်းခြောက်တောင်းယူတာတွေ အိမ်တွေကို မီးရှို့တာတွေ ရှိနေတယ်။ တပ်မဟာ ၁၊ တပ်မဟာ၂၊ တပ်မဟာ၃၊ တပ်မဟာ၅၊ တပ်မဟာ ၆ဒေသတို့မှာ ဆက် ဖြစ်ပွားနေတုန်းပဲ။

– တပ်မဟာ(၆) ဒူးပလာယာခရိုင်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြေပေးပါဦး။

တပ်မဟာ(၆) ဒူးပလာယာခရိုင် အခြေအနေနဲ့ပတ်သက်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေတုန်းပဲ။ ရမ်းသမ်းပစ်ခတ်မှုတွေ တိုက်ပွဲတွေဖြစ်နေတုန်းပဲ။ ပြီးရင် မတရားဖမ်းဆီးမှုတွေ ညှင်းပန်း သတ်ဖြတ်မှုတွေဆိုရင်  တပ်မဟာ၆နယ်မြေမှာ ဆက်ဖြစ်ပွားနေတုန်းပဲ။ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့် အဆောက်အအုံ အထူးသဖြင့် ဒေသခံတွေရဲ့ နေအိမ် တွေထိခိုက်ပျက်စီးသလို၊ ဘာသာ ရေး အဆောက်အဦးတွေဖြစ်တဲ့ ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာ ဆေးရုံ၊ဆေးပေးခန်းတွေ ထိခိုက်မှုတွေက ဆက်လက်ပြီးတော့ ဖြစ်ပွားနေတုန်းပဲ။ တိတိကျကျတော့ ဒီအချိန်တော့ အချက်အလက် မရရှိသေးဘူး။ နေအိမ်ဘယ်နှစ်လုံး ပျက်စီးသွားလဲ။ ဘုရားကျောင်း၊ဘုန်းကြီးကျောင်း ပျက်စီးသွားလဲဆိုတာ လောလောဆယ် တော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး။ တိုက်ပွဲတွေ ရမ်းသမ်းပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အပေါ်မှာတော့ ဒေသခံပြည်သူလူထု ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲ။

လူသားချင်းစာနာထောက်ထားမှု  အကူအညီကလည်း ဆက်လက်လိုအပ်နေတုန်းပဲ။ ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံတွေအနေနဲ့ သူတို့ဒေသကို ထွက်ပြေးတိမ်းရှောင်နေရလို့  အခြေချလို့မရသေးဘူး။ တည်ငြိမ်မှု မရှိ သေးဘူး။ လုံခြုံမှုမရှိသေးလို့ စစ်ရှောင်စခန်းတွေကလည်း လူသားချင်းစာနာမှုတွေ ဆက်လက်လို အပ်နေတုန်းပဲ။ သူတို့ကလည်း ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲ။

-KNU နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဘယ်ခရိုင်တွေမှာ အများဆုံးဖြစ်နေလဲ။

တပ်မဟာ၃၊ တပ်မဟာ၁၊ တပ်မဟာ၅နဲ့ တပ်မဟာ၆မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အများဆုံးဖြစ်ပွား နေတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်ပေါ့။ အဓိကက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။ လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်။ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရကြတယ်။ သေဆုံးကြရတယ်။ အကြောက်တရားတွေနဲ့ နေထိုင်ရတယ်။ လွတ်လပ်စွာ သွား လာနေထိုင်ခွင့်မရှိသေးဘူး။ အသက်မွေးဝမ်းကျောင်းအတွက်လည်း ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် အခက်အခဲတွေ အများကြီးကြုံတွေ့ရတယ်။ နောက်မြေမြှုပ်မိုင်း ပြဿနာတွေလည်း ဆက်လက်ရှိ နေတုန်းပဲ။ လွတ်လပ်စွာသွားလာခွင့်လည်း မရှိသေးဘူး။ တင်းကျပ်မှုတွေ ရှိနေတယ်။ ခရီးသွားလာခွင့်လည်း မရှိသေးဘူး။ အထူးသဖြင့် ဆေးဝါးလိုပစ္စည်းတွေ သယ်ဆောင်လို့ မရသေးဘူး။ ပြည်သူတွေကို သယ်ဆောင် ရင် ဖမ်းဆီးတာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်တာတွေရှိတယ်။ ဒါတွေက တပ်မဟာ၁၊၃၊၅နဲ့ ၆အတွင်းမှာ လက်ရှိရှိနေတဲ့ အခြေအနေတွေ ဖြစ်တယ်။

-စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ကော့ကရိတ်မြို့နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ၊ စီးပွားရေး၊ သွားလာရေး ခက်ခဲကျပ်တည်းမှုအခြေအနေတွေ မလုံခြုံမှုအနေအထားတွေ ဘယ်လိုတွေ့နေရပါလဲ။

လူမှုဘဝအခြေအနေက လွတ်လပ်စွာ သွားလာခွင့်တော့ မရှိသေးဘူး။တင်းကျပ်မှုတွေ ရှိနေတယ်။ နောက်တစ် ခါကျတော့  အသက်မွေးဝမ်းကျောင်းလုပ်ငန်း အခက်အခဲအများကြီးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတုန်းပဲ။ အသက် မွေးဝမ်းကျောင်းအတွက်သို့ လိုအပ်မှုအရ  ခရီးသွားလာတာတဲ့အခါ တင်းကျပ်မှုတွေ ရှိတယ်။ လွတ်လပ်စွာ သယ်ယူလို့ မရသေးတာတွေ ရှိတယ်။ အထူးသဖြင့် ဆေးဝါးတွေ၊ မီးခြစ်လိုအရာမျိုးတွေ သယ်ယူပို့ဆောင်လို့ မရသေးဘူး။ မြေမြှုပ်မိုင်းနဲ့ပက်သက်ပြီး စကစကပိုပြီးတင်းကျပ်တာမျိုးတွေ ရှိတယ်။ သူတို့ မြှုပ်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ဒေသခံတွေရဲ့ ကျွဲနွားတွေနင်းမိတဲ့အခါမှာ ဒေသခံတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံး ရတဲ့အပြင် သူတို့က ဒေသခံရွာသားတွေကိုပါ ပြန်ပြီးတော့ လျော်ကြေးတောင်းတာပေါ့။ အဲဒီလို အခြေအနေမျိုး တွေ ရှိတယ်။ နောက် မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး တပ်မဟာအများအပြားမှာလည်း ဒီအန္တရာယ်တွေက ဆက် လက်ရှိနေတုန်းပဲ။ တပ်မဟာ၁၊၃၊၅၊၆မှာ မြေမြှုပ်မိုင်း အန္တရာယ်က ဆက်လက်ပြီး ရှိနေတုန်းပဲ။

– စစ်ဘေးရှောင်တွေထံ လူသားချင်းစာနာမှု အကူအညီတွေ အားလုံးလွှမ်းခြုံစွာ ရရှိရဲ့လား၊ မြေပြင်ကနေ ကူညီပံ့ပိုးမှုအခြေအနေကရော ဘယ်လိုအခက်အခဲတွေရှိပါလဲ။

စစ်ဘေးရှောင်တွေထံ လူသားချင်းစာနာထောက်ထားမှုက အကူအညီတွေကတော့ အားလုံးခြုံငုံပြောရရင် လိုအပ်မှုရှိနေတုန်းပဲ။ မြေပြင်ပံ့ပိုးမှု အခြေအနေကလည်း အားနည်းနေတုန်းပဲ၊ အဲဒါကြောင့်မို့ လူသား ချင်းစာ နာထောက်ထားမှု အကူအညီတွေက အထူးသဖြင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေဆီကိုတော့ ပံ့ပိုး ကူညီပေးဖို့ လိုအပ်နေတုန်းပဲ ။ အခက်အခဲတွေအနေနဲ့က ဆက်လက်ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပြည်သူတွေဆီ အား နည်းနေတုန်းပဲလို့ ပြောရမှာပေါ့။ မလုံခြုံမှုတွေကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေက စစ်ရှောင်စခန်းတွေဆီ လိုအပ်တဲ့အချိန် အချိန်နဲ့တပြေးညီ ပံ့ပိုးကူညီနိုင်စွမ်း အားနည်းနေဆဲလို့ ပြောလို့ရတယ်။

-နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောပေးပါဦး။

စကစရဲ့အာဏာသိမ်းမှု ၂နှစ်ကျော် ကာလအတွင်းမှာ စစ်အာဏာရှင်ဆန်ဆန် သူတို့တွေဟာ လူ့အခွင့်အရေး ကို လေးစားလိုက်နာမှု လုံးဝမရှိဘူး။ နိုင်ငံတကာ ဥပဒေစံချိန်စံညွှန်းတွေကို လေးစားလိုက်နာမှု မရှိဘဲ ပြောင် ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေတာတွေ ရှိတယ်။ ဒါတွေဟာဆိုရင် ထိခိုက်နစ်နာမှု အဆိုးဝါးဆုံးကို ဖြစ်ပေါ်စေတဲ့အရာတွေ ဖြစ်တယ်။ တနိုငငံလုံးအတိုင်းအတာအရရော၊ ကရင်ပြည်နယ်အတွက်ရော လူ့ အခွင့်အရေးချိုးဖောက်မှုက နေ့တိုင်းဖြစ်ပေါ်နေတယ်။ နောက်တရားလက်လွတ် စစ်ရာဇဝတ်မှုတွေ လူသား မျိုးနွယ်အပေါ်ကျူးလွန်တဲ့ ဒီရာဇဝတ်မှုတွေကလည်း နေ့စဉ်နဲ့အမျှ တနိုင်ငံလုံး အတိုင်းအတာအရ ဒါဖြစ်ပွား နေတယ်။ ဒီဟာတွေက ကျွနတော်တို့ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းပြီးတော့ အဆုံးသတ်ပေးဖို့ လုပ်ဆောင် ပေးရမှာ ဖြစ်တယ်။ အာဏာရှင်တွေရဲ့ ချိုးဖောက်မှုလုပ်ဆောင်မှုတွေကို အဆုံးသတ်ပေးရမယ်။

ကျူးလွန်ခံရတဲ့သူတွေအနေနဲ့ တရားမျှတမှုရရှိဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုတယ်။ ကျူးလွန်သူတွေ အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုပါတယ်။ စစ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ရေးအတွက် နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့်အထိ ဝိုင်းဝန်းပြီး လုပ်ဆောင်ပေးဖို့ လိုတယ်လို့ ပြောလိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.