ရေး၊ မေ(၁၇)

မွန်ပြည်နယ်၊ ရေးမြို့နယ်မော့ကနင်ရွာသစ်ကျေးရွာ အခြေစိုက်စစ်ကောင်စီ အမြောက်တပ်ဟာ သူတို့တပ်ရင်း တိုက်ခိုက်ခံရမှာစိုးရိမ်ပြီး တပ်အဝင်လမ်းဖြစ်တဲ့ အများပြည်သူအသုံးပြုနေတဲ့လမ်းကို သစ်ပင်တွေလှဲချပြီး ပိတ်ဆို့ထားတာကြောင့် သွားရေးလာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီအမှတ် ၃၁၇ အမြောက်တပ်ဟာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကစပြီး တပ်ရင်းမရောက်မီ ၂ ဖာလုံလောက်ကတည်းက သစ်ပင်ကြီးတွေခုတ်လှဲပြီး လမ်းပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအမြောက်တပ်ကနေ လမ်းတွေပိတ်ဆို့ထားကြောင့် ဒေသခံတွေနဲ့ ရော်ဘာခြံလုပ်သားတွေဟာ သွားရေးလာရေးအခက်အခဲဖြစ်နေသလို လုပ်ငန်းခွင်ထဲသွားဖို့ဆိုရင် အနည်ဆုံးတစ်မိုင်လောက်ရှိတဲ့ ရွာပတ်လမ်းတွေကို သုံးနေရတယ်လို့ ဆိုပါတယ်။

အဲဒီအမြောက်တပ်ကို စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အနည်ဆုံး ၅ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ထားသလို စစ်ကောင်စီတပ်ဖွဲ့တွေလည်း ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

မေ ၁၅ ရက်နေ့ကလည်း လမ်းပိတ်းထားတဲ့ စစ်ကောင်စီအမြောက်တပ်ကို ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့လာရောက် တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဝင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံတွေကြားရပြီး လူထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့တုန်းကလည်း အမှတ် ၃၁၇ အမြောက်တပ်ရဲ့ ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၅ ဦးသေဆုံးပြီး သေနတ် ၃ လက်ကို ဒေသ PDF အဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.