စစ်တွေ၊ မေ(၁၇)
အလွန်အလွန့် အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါဒဏ်ကို အပြင်းအထန်ဆုံး ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူတွေဟာ အမိုးအကာနဲ့ သောက်သုံးရေ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA)နဲ့ မုန်တိုင်းဘေးကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့တဲ့ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့သလို ပြည်သူတွေကလည်း အိုးမဲ့အိမ်မဲ့ ဖြစ်တာနဲ့ နေရာထိုင်ခင်းအတွက် ဒုက္ခကြုံနေရတာပါ။
ရက္ခိုင့်တပ်တော်(AA) ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ မုန်တိုင်းသင့် ရခိုင်ပြည်သူတွေဟာ လတ်တလောမှာ အမိုးအကာ၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ ဆေးဝါး အကူအညီတွေ အရေးတ ကြီး လိုအပ်နေသလို လျှပ်စစ်မီးအပါအဝင် အင်တာနက်နဲ့ ဖုန်းလိုင်းတွေပြန်ရဖို့လည်း လိုအပ်နေတယ်လို့ မေ ၁၆ ရက်နေ့မှာ ပြောဆိုပါတယ်။
ဒါကြောင့် သဘာဘေးရင်ဆိုင်ခဲ့ရတဲ့ ရခိုင်ပြည်သူတွေအတွက် အန်ဂျီအို၊အိုင်အမ်ဂျီအို၊ ဒေသတွင်းလူမှုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့လည်း အာရကန်ပြည်သူ့အစိုးရနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်တဲ့အကူအညီပံ့ပို့ပေးကြဖို့ အထူးမေတ္တာရပ်ခံထားပါတယ်။
မုန်တိုင်းဘေးကျရောက်ခဲ့တဲ့အထဲမှာ စစ်တွေမြို့ဟာ အခြေအနေအဆိုးဆုံးဖြစ်ပြီး မြို့ရဲ့ (၉၀) ရာခိုင် နှုန်းကျော် ပျက်စီးခဲ့သလို ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ သက်ကြီးရွယ်အို အများစုအပါအဝင် ဒုက္ခသည်ရာချီသေဆုံးခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မြေပြင်မှာကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေကတော့ လူသေဆုံးမှုများနိုင်ပေမယ့် စာရင်းအတိ အကျကို အခုအချိန်အထိကောက်ယူလို့ မရသေးသလို ရခိုင်ပြည်နယ်အစိုးရဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
မုန်တိုင်းသင့်ပြည်သူတွေဟာ ယာယီစခန်းတွေမှာ ခိုလှုံနေရတာပြီး စခန်းအများစုဟာ ပင်လယ်နဲ့နီး စပ်တဲ့နေရာတွေမှာ ရှိနေတာကြောင့် စိတ်ချလုံခြုံရမှုမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီး နောက်တစ်နေ့ဖြစ်တဲ့ မေလ (၁၅)ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တွေမြို့ကိုရောက်ရှိလာခဲ့ပြီး မုန်တိုင်းသင့်ပြည်သူတွေကို ကယ်ဆယ်ကူညီရေးတွေလုပ်ဆောင်ပေးဖို့ ညွှန်ကြားခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင်အပါအဝင် ရခိုင် ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသအဖြစ် မေလ ၁၅ ရက်မှာ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ