ဘီးလင်း၊ မေ(၁၇)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ KUN သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဲဝိုင်ဒေသကနေ ဘီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။

မေ ၁၆ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီ စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KUN သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါပေမဲ့ အဲဒီတိုက်ပွဲအတွင်းမှာ KNLA ပူးပေါင်းတပ်က လက်ဦးမှုရယူထားနိုင်တာကြောင့် စစ်ကောင် စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတဲ့အ တွက် စစ်ကောင်စီတပ်က ရှေ့မတိုးနိုင်ဘဲ အစူးချောင်းကျေးရွာအနီး ပတ်ဝန်ကျင်းမှာ ပိတ်မိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အစူးချောင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာ ၃ ရွာလောက်က ဒေသခံတွေဟာ ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်စာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ဘီးလင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.