နေပြည်တော်၊ မေ(၁၇)

ပုဂ္ဂလိကကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းအပါအဝင် ဆရာ၊ ဆရာမခန့်အပ်တာကအစ ခွင့်ပြုချက် လျှောက်ထားရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ ပညာရေးလွတ်လပ်ခွင့်ကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဝေဖန်လိုက်ပါတယ်။

အခန်း ၁၆ ခန်း ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိက ပညာရေးဥပဒေကို စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁၂ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ပါတယ်။

အဲဒီဥပဒေထဲမှာတော့ စစ်ကောင်စီရဲ့ ကြီးကြပ်ရေးအဖွဲ့တွေဟာ ပုဂ္ဂလိကကျောင်းတွေရဲ့ စံချိန်စံညွှန်း သတ်မှတ်တာ၊ ကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားတာ၊ နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းဆရာမှတ်ပုံတင် လက်မှတ်ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာ၊ ပယ်ဖျက်တာတွေကို ခွင့်ပြုလို့ရသလို ငြင်းပယ်နိုင်တယ်လို့လည်း ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီထုတ်ပြန်တဲ့ဥပဒေအရ ကြီးကြပ်ရေးအဖွဲ့တွေကို ပုဂ္ဂလိကကျောင်းဖွင့်လှစ်ခွင့်ကအစ ဆရာ၊ ဆရာမခန့်အပ်ခွင့်အထိ အခွင့်အာဏာအားလုံးနီးပါး ပေးထားသလို သင်ရိုးညွှန်းတမ်းတွေကိုပါ သူတို့ခွင့်ပြုချက်ရမှ သင်ကြားလို့ရမယ်လို့ ပြဌာန်းထားပါတယ်။

အခြေခံပညာရေးလုပ်သားများသမဂ္ဂ (BEWU) အဖွဲ့ဝင် ဆရာနောင်ချိုကတော့ စစ်ကောင်စီရဲ့ ပုဂ္ဂ လိက ပညာရေးဥပဒေဟာ ပညာရေးလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်သလို စစ်ကောင်စီလက်အောက် ပညာသင်ကြားနေတဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် ရင်လေးစရာဖြစ်တယ်လို့ ဝေဖန်တာပါ။

“အဲဒီလိုမျိုး ပြဋ္ဌာန်းလိုက်တယ်ဆိုတာကိုက ပညာရေးလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တယ်လို့ ကျွန်တော်မြင်တယ်။ နောက်တစ်ခုကတော့ ဒီလိုမျိုး သူတို့ကိုပြပြီးတော့မှ ပြခိုင်းတဲ့သင်ရိုးတွေဘာတွေက သူတို့ခွင့်ပြုမှရမယ်ဆိုတဲ့ဟာက ကျွန်တော်တို့ တိုင်းရင်းသားဒေသမှာရှိနေတဲ့ ပညာရေးကျောင်းတွေ၊ တိုင်းရင်းသားတွေရဲ့ အခုဆက်ပြီး ဆောင်ရွက်နေတဲ့ ပညာရေးစနစ်တွေကိုပါ သူတို့ကချုပ်ကိုင်ဖို့ ကြိုးစားတယ်လို့ ကျွန်တော်မြင်တာပေါ့နော်။ နောက်ပြီးတော့ သင်ရိုးတွေဘာတွေဆိုတာက ကျွန်တော်တို့ကဖက်ဒရယ်မူအရ ဖက်ဒရယ်ပညာရေးမူအရသွားမယ်ဆို သက်ဆိုင်ရာဒေသအလိုက် တိုင်းရင်းသားဘာသာစကားတွေ၊ မိခင်ဘာသာစကားတွေ အခြေပြုသင်ကြားရေးတွေလုပ်ရမယ်ဆိုတဲ့ ဟာတွေရှိတယ်ပေါ့နော်။ စစ်ကောင်စီကတော့ ဒီလိုဟာမျိုးတွေကို သူတို့ကိုတင်ပြရမယ်။ သူတို့ခွင့်ပြုမှလုပ်ရမယ်ဆိုတာကတော့ ဒါကမဖြစ်သင့်တဲ့အရာပေါ့နော်။ ရေရှည်မှာတော့ပိုဆိုးတာက တိုင်းရင်းသားတွေနဲ့ စစ်ကောင်စီရဲ့ကြားထဲမှာတော့ ပညာရေးနဲ့ပတ်သက်ရင် ကြီးမားတဲ့အဟတွေ၊ ကွဲလွဲမှုတွေဖြစ်လာမယ်လို့ ယူဆပါတယ်။ နောက်ပြီး စစ်ကောင် စီရဲ့ လက်အောက်မှာရှိနေမယ့် ကလေးတွေပေါ့နော်၊ ရွေးချယ်ခွင့်မရှိဘဲနဲ့ စစ်ကောင်စီကျောင်းတွေကို ရွေးချယ်ပြီး တက်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်အလားအလာကတော့ မကောင်းဘူးပေါ့နော်။ ဆိုလိုတာက လွတ်လပ်တဲ့အတွေးအခေါ်၊ လွတ်လပ်တဲ့အယူအဆ၊ လွတ်လပ်တဲ့သင်ကြားမှု ရပ်ဝန်းတစ်ခုကို မရတဲ့ ဒီကျောင်းသားကျောင်းသူရဲ့ အနာဂတ်ကတော့ ရင်လေးစရာပါပဲဗျ”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုဥပဒေဟာ ပညာရေးလွတ်လပ်ခွင့်တွေကို ချုပ်ကိုင်လိုက်တာဖြစ်ပြီး အရင်စစ်အာဏာ ရှင် အဆက်ဆက်က လုပ်ဆောင်လာတဲ့ စစ်ကျွန်ပညာရေးကို အသက်သွင်းပြီး ပညာတတ်လူငယ်တွေနည်းပါးအောင် လုပ်ဆောင်တာဖြစ်တယ်လို့ သူကဝေဖန်တာပါ။

CDM တက္ကသိုလ် ကျောင်းဆရာတစ်ဦးကလည်း စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ ပညာ ရေးကဏ္ဍအားလုံးကို ထိန်းချူပ်ဖို့အတွက် လုပ်ဆောင်တာဖြစ်သလို သင်ရိုးတွေကိုသူတို့ ခွင့်ပြုမှ သင်ကြားရမှာဖြစ်တာကြောင့် ပညာရေးကဏ္ဍပျက်စီးရေးကို ဦးတည်နေတယ်လို့ ထောက်ပြပါတယ်။

“အမှန်အတိုင်းပြောရင် ဒီသင်ကြားရေးကိစ္စတွေကိုရော၊ ဒီသင်ရိုး၊ ဝန်ထမ်းဆရာ ဆရာမခန့်ထားရေးတွေရော အကုန်လုံးကိုထိန်းချုပ်မှာ။အဲဒီအကုန်လုံးကို ထိန်းချုပ်တာက သူတို့ဘက်ကခွင့်မပြုရင် ဆရာ ဆရာမခန့်ထားလို့ကိုမရဘူးဗျာ။ ရှေ့တုန်းက အရင့်အရင်တုန်းက ကပကတွေမှာ ဆရာ၊ ဆရာ မခန့်တယ်ဆိုတာက ကျွန်တော်တို့ ဒီစာသင်ဆရာမဖြစ်ဖို့ကျ အစိမ်းရောင်ကတ် လျှောက်ထားရမယ်၊ အစိမ်းရောင်ကတ် လျှောက်ထားတဲ့အခါကျရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညီတယ်ဆိုရင် အစိမ်းရောင်ကတ် သွားလျှောက်လိုက်တယ်။ ကျလာတာပေါ့နော်။ ကျလာတဲ့အခါကျရင် သူကအတန်းပိုင်ဆရာမလုပ်ရတယ်။ ဘာသာရပ်သင်ဆရာမ လုပ်ရတယ်။ ကျန်တာကတော့ လက် ထောက်တွေဘာတွေဆို လျှောက်စရာမလိုပါဘူး။ အခုကကျတော့ အကုန်လုံးကိုင်ထားတဲ့ သဘောပါ။ အထူးသဖြင့်ကတော့ ကျွန်တော်ထင်တာကတော့ CDMတွေကို ပစ်မှတ်ထားတယ်လို့ပဲ မြင်ပါတယ်။ အဲဒါတွေအကုန်လုံးကိုလည်း သူတို့ကခွင့်ပြုမှ၊ သင်ရိုးတွေကလည်း သူတို့ကခွင့်ပြုမှ၊ သူတို့ ခွင့်မပြုထားတဲ့ဟာကိုသင်မယ်၊ သူတို့ကို တင်ထားတဲ့ဟာမဟုတ်ဘူး။ အဲဒါကိုသင်တယ်ဆိုတာတွေ့ရင် ခုဏကပြောသလို ကျောင်းကိုပိတ်မယ်ဆိုတာထက် မဟုတ်တော့ဘဲနဲ့ ငွေဒဏ်တွေရော၊ ထောင် ဒဏ်တွေရော၊ သူတို့ကအဲဒီလိုမျိုးကိုကန့်သတ်ပြီးတဲ့ အခါကျတော့ရေးလာပြီ၊ ပညာရေးပျက်စီးရေး ကိုပဲ ဦးတည်တယ်လို့ပဲပြောရမှာပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပညာရေးကန့်သတ်ချက်တွေကြောင့် ပုဂ္ဂလိကကျောင်းတွေမှာ အရင်လိုနိုင်ငံ တကာသင်ရိုးတွေကို ကြားညှပ်သင်ကြားရာမှာ အခက်အခဲရှိလာနိုင်သလို အထွေထွေဗဟုသုတတွေကိုလည်း သင်ကြားလို့ရတော့မှာ မဟုတ်တဲ့အတွက် ပညာရေးအဆင့်အတန်း ပိုမိုနိမ့်ကျလာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေး ဥပဒေထဲမှာတော့ သူတို့သတ်မှတ်ထားတဲ့ ပြစ်မှုတစ် ခုခုကိုကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် (၆)လကနေ အမြင့်ဆုံး ထောင်ဒဏ် (၂)နှစ်ထိ ပါဝင်သ လို ငွေဒဏ်အနေနဲ့ ကျပ်သိန်း (၃၀)ကနေ ကျပ်သိန်း (၅၀၀) အထိ ပြစ်ဒဏ်(၂)ရပ်လုံး ချမှတ်နိုင်တယ်လို့လည်း ပြဌာန်ထားပါတယ်။

ဒီဥပဒေဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ဆရာ၊ ဆရာမတွေကို ပုဂ္ဂလိကပညာရေးကျောင်းတွေမှာ အလုပ်မရအောင် လုပ်ဆောင်တာဖြစ်ပြီး ပညာရေးကဏ္ဍတစ်ခုလုံးကို ထိန်း ချုပ်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ CDM ကျောင်းဆရာ၊ ဆရာမတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ပုဂ္ဂလိကကျောင်းပေါင်း (၁၀၀၀)ကျော်ရှိပြီး ပြီးခဲ့တဲ့ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်မှာတော့ ပုဂ္ဂလိကကျောင်းအပါအဝင် အစိုးရကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ (၁၆)သိန်းကျော် တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.