လောင်းလုံး – မေ(၁၇)
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်းဦးမြင့်စန်းဟာ ဒီနေ့ မေလ(၁၇) ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က သံလွင်တိုင်းမ် ကိုပြောပါတယ်။
သူဟာပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကနေ ရွေးကောက်ပွဲအနိုင်ရပြီးနောက် တနင်္သာရီတိုင်း အစိုးရအဖွဲ့မှာ ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တာပါ။
ကွယ်လွန်ချိန်မှာ အသက်(၆၈) နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်စန်းဟာ ထိုင်းနိုင်ငံမှာ ဆေးကုသနေရင် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“သူ့မှာက ကင်ဆာရောဂါရှိတယ်လို့တော့ သိရတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးတည်းက ကျန်းမာရေးမကောင်းလာတာ။ အရင်ကတော့ အွန်လိုင်းအစည်းအဝေးတွေကို တက်သေးတယ်။ နောက်ပိုင်း ကျန်းမာရေးကြောင့်ခဏခဏခွင့်တိုင်နေရတာ” လို့ NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဝန်ကြီး ဦးမြင့်စန်းဟာ လွှတ်မြောက်နယ်မြေတစ်နေရာမှာ အချိန်အကြာကြီးနေပြီး တော်လှန်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူဖြစ်ကာ ထိုင်းနိုင်ငံကို ဆေးကုသဖို့လောက်သာ သွားသူဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။
သူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း လောင်းလုံးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် အမှတ်(၂) ကနေဝင်ရောက်ယှဉ်ပြိုင်အနိုင်ရပြီးနောက် စစ်တပ် အာဏာသိမ်းချိန်မှာ လွတ်မြောက်နယ်မြေကို ထွက်ခွါပြီးတော်လှန်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဦးမြင့်စန်း လွတ်မြောက်နယ်မြေကို ထွက်ခွာပြီးနောက် ၂၀၂၁ ခုနှစ်မှာ လောင်းလုံး မြို့နယ် မင်းရပ်ကျေးရွာက နေအိမ်ကို ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ