မုန်း၊ မေ(၁၆)

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) မုန်းမြို့နယ် ညောင်ပင်သာရွာအတွင်းမှာ အရပ်သားပြည်သူ ၂၀ နီးပါးကို စစ်ကောင်စီတပ်ကနေ လူမဆန်စွာအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့မှုအပေါ် စစ်ကောင်စီက တာဝန်ခံရမယ်လို့ KNU ဗဟိုက သဘောထားထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၀)ရက်နေ့က စစ်ကောင်စီရဲ့ တောင်ပိုင်းစစ်ဌာနချုပ်ဦးဆောင်ကွပ်ကဲတဲ့ တပ်အင် အား(၁၀၀) ကျော်ရှိတဲ့ ပူးပေါင်းတပ်ဟာ ညောင်ပင်သာရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ဗိုလ်ကြီး (၁) ဦး၊ ဗိုလ်(၁)ဦးနဲ့ တပ်ကြပ်(၁) ဦးအပါအဝင် (၅)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ညောင်ပင်သာရွာက ရွာသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးလိုက်ပြီး ကြိုးနဲ့ချီကာ ကလေး(၄)ဦး၊ အမျိုးသမီး(၁၁)ဦးအပါအဝင် အရပ်သားပြည်သူ(၁၉)ဦးကို မီးရှို့သတ်ဖြတ်လိုက်ပြီး အခြားရွာသား(၁)ဦးကိုလည်း ရက်စက်စွာညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရေအိုးစင်ရွာသား(၄)ဦးနဲ့ အခြားရွာသူ(၃)ဦး စုစုပေါင်း(၇)ဦးတို့ကို စစ်ကောင်စီတပ်က လုံ ခြုံရေးအတွက် လူသားဒိုင်းကာအဖြစ် ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အသက်ဆုံးရှုံးသွားကြရတဲ့ မိသားတွေစုတွေရဲ့ ကျန်ရစ်သူ မိသားစုတွေအနေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရသလို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ပြည်သူတွေအတွက်လည်း စိုးရိမ်ပူပန်လျက်ရှိနေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

အခုလိုစစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခြင်းတို့အတွက် KNU အနေနဲ့ ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး တရားမျှတမှုရရှိဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

အဲဒီစစ်ဆင်ရေးမှာ ပါဝင်ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တောင်ပိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်က ခလရ(၇၃)၊ ခမရ(၅၅၉)၊ ခမရ(၅၉၀)တပ်၊ အမှတ်(၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက် ခံ ခလရ(၈၄)တပ်၊ တပ်မ(၉၉)လက်အောက်ခံ ခမရ(၁၅)တပ်တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလို ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မီးရှို့တာတွေကို ဥပဒေမဲ့ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိတဲ့ စစ်ကောင်စီကို ကမ္ဘာ့ကုလသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာတရားရေး ယန္တယားတွေ၊ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေအနေနဲ့ ပိုမိုထိရောက်လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ တိုးချဲ့ပိတ်ဆို့ အရေးယူဆောင်ရွက်ကြဖို့ KNU က တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.