သထုံ၊ မေ(၁၆)
မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက် လေယာဉ်ကွင်းဟောင်းအနီးရှိ စစ်ကောင်စီ စုပေါင်းရုံးဟာ မေ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်လောက်မှာ ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သထုံမြို့နယ်စုပေါင်းရုံးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုကနေ ရှော့တိုက်ဒုံး ၂ လုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရမှုမှာ ရုံးအဆောက်အဦးထိခိုက်ပျက်စီးတာမရှိပေမယ့် ရုံးအနီးရှိ ဓါတ်မီးတိုင်တစ်တိုင် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိခိုက်ပျက်စီးသွားနေတဲ့နေရာကို လာရောက် စစ်ဆေးတာတွေနဲ့ လမ်းတချို့ကို ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတချို့ရှိခဲ့တယ်လို့ သထုံမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ သထုံမြို့နယ်စုပေါင်းရုံးကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
သထုံမြို့နယ် စုပေါင်းရုံးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သထုံခရိုင် PDF တာဝန်ခံကို သံလွင်တိုင်းမ်ကို ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။
သထုံမြို့နယ်စုပေါင်းရုံးမှာတော့ သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သထုံမြို့နယ်ရဲတပ်ဖွဲမှူးရုံးနဲ့ ပြည်တွင်းအခွန်ဦးစီးဌာနရုံးတွေ စုပေါင်းရုံးထိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီ ၉ ရက်နေ့တုန်းကလည်း သထုံမြို့နယ်စုပေါင်းရုံးမှာ ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ရဲ ၂ ဦး ဒဏ်ရာရရှိခဲ့သလို ရုံးအဆောက်အဦးလှေကား ပြိုကျပျက်စီးတာတွေ ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ