ထီးလင်း – မေ(၁၆)
မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် မကွေးတိုင်းအတွင်းက ထီးလင်းမြို့နယ်နဲ့ ပခုက္ကူခရိုင်အတွင်း မှာရှိတဲ့ ကျေးရွာတွေက ကျွဲ၊နွားနဲ့ ဆိတ်တွေ အစုလိုက် အပြုံလိုက် သေဆုံးတာတွေ ဖြစ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့မေလ(၁၄) ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင်ကမ်းရိုးတန်းဒေသတလျှောက် ဖြတ်သန်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်က မြို့နယ်အများစု အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာလည်း ထိခိုက်ပျက်စီးတာတွေရှိခဲ့တာပါ။
ဒီဖြစ်စဉ်ဟာ ထီးလင်းမြို့နယ်အတွင်းက အိုင်းမ၊ရွှေဂုံတိုင်၊ဇီးတော၊ကြာဥယာဉ်၊ ဝက်သက်၊ အုန်းထွက် စတဲ့ ကျေးရွာ တွေမှာ ဖြစ်နေတာလို့ သိရပါတယ်။
“မုန်တိုင်းပြီးဒီနေ့မှာကျွဲနွားတွေသေဆုံးတာ၊ဒီနေ့မှာတော့မသေတော့ဘူး။ခွာနာလျှာနာ ရောဂါ ထက်ဆိုးတယ်။ ခုက ခြေပုတ်၊လက်ပုတ်ရောဂါလို့ ဒေသအခေါ်ပြောတယ်။ ဒါတွေကိုဖျက်ပြီး စားနေကြတယ်လို့လည်း ကြားတယ်။ ထပ်ပြီး ကူးစက်မှာစိုးလို့ မစားစေချင်ဘူး။” လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပခုက္ကူခရိုင်အတွင်းက ပေါက်မြို့နယ်တစ်ဝိုက်မှာ ကျွဲ၊နွားနဲ့ ဆိတ်တွေသေဆုံးတာ ဖြစ်ပြီး စလင်းမြို့နယ်မှာလည်း ရေစီးနဲ့အတူ မျောပါလို့ သေဆုံးတာနဲ့ အအေး ပတ်ပြီး သေဆုံးတဲ့ ကျွဲနွားတွေ လည်း အကောင်(၅၀) ဝန်းကျင်ရှိနေပါတယ်။
ဂန့်ဂေါခရိုင်ကို ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် မောချောင်း တစ်လျှောက်က ကျေးရွာတွေ ရေဝင်ပြီး နွေရာသီစိုက်ပျိုးသီးနှံတွေဖြစ်တဲ့ ပဲနဲ့ နေကြာစိုက်ခင်းတွေ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
“နေရာတော်တော်များများ တစ်ရွာနဲ့ တစ်ရွာသွားမရဘူး။ မြေပြိုတာတွေ လမ်းပျက်တာတွေရှိတယ်။လောင်းဗိုလ်လေးနဲ့ ညောင်ကန် လမ်း ဆိုလည်းမြေပြိုလို့ လုံးဝသွားမရဘူး။ တော်တော်အခက်ခဲ ဖြစ်နေတဲ့အနေအထားပါ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယောဒေသ ထီးလင်းနယ်မှာ မိုခါမုန်တိုင်းကြောင့် ချောင်းရေကျပြီး တံတား(၃) စင်း ထက်မနည်း ပျက်စီးခဲ့ကာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အဝတ်အထည်နဲ့ စားနပ်ရိက္ခာတွေ၊ တောင်သူတွေရဲ့ မျိုးစေ့တွေ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ အအေးမိပြီးသေဆုံးတာနဲ့ ခြေပုတ်၊လက်ပုတ်ရောဂါကြောင့် သေဆုံးခဲ့တဲ့ ကျွဲ၊နွားနဲ့ ဆိတ်အကောင်ရေ(၂၀၀) ကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ