ရေဖြူ၊ မေ(၁၆)
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ အခြေ စိုက်စခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်၊ ရဲနဲ့ပြည်သူ့စစ်အဖွဲ့ဝင် ၂၀ ကျော် တပ်စွဲနေထိုင်တဲ့ နဘုလယ်စခန်းကို ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက် ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ PDF ပူးပေါင်းတပ်ဖွဲ့က စခန်းသိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စခန်းစွန့်ခွာသွားပြီး အင် အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် ဒီနေ့ မေ ၁၅ ရက်နေ့မှာတော့ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နဘုလယ်၊ မူဒူးအပါအဝင် ကျေးရွာ ၅ ရွာလောက်ကို စစ်ကြောင်းထိုးနေသလို ဝေဟင်ကနေလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ တနင်္သာရီစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြေပြင်ကနေစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်ရှိ ကျေးရွာက ဒေသခံ ၁၀ ဦးထက်မနည်းကို လူသားဒိုင်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဝေဟင်အပြင် မြေပြင်ကနေပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် နဘုလယ်ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ