စလင်း – မေ(၁၆)

မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ ချောင်းရေ တက်လာတာကြောင့် ရေစီးနဲ့ မျောပါ သေဆုံးသူ (၃) ဦးရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် စလင်းချောင်းရေ မြင့်တက်လာပြီး ချောင်းတဝိုက်က ကျေးရွာ(၂၀) ဝန်းကျင် ရေနစ်မြုတ်ခဲ့ကာ တောင်သူတွေရဲ့ လယ်ယာမြေ(၈၅) ရာခိုင်နှုန်းကျော် ပျက်စီးခဲ့တာပါ။

“စလင်းနွယ်တမယ် ချောင်းရေကျလာတော့ နွယ်တမယ်အပါအဝင်ဘေးနားကရွာတွေလည်း ရေမြုပ် တယ်။ ရေစီးနဲ့ မျောပြီးသားအမိနှစ်ယောက်သေဆုံးတယ်လို့ သိရတယ်။ တခြားနေရာတွေမှာလည်း သေဆုံးတဲ့သတင်းတွေကြားနေရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာတော့မသိရသေးဘူး။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ရေစီးနဲ့ မျောပါသွားတဲ့အထဲက အသက်(၇၀) အရွယ် ဒေါ်အေးသန်းကို မေလ(၁၅) ရက်နေ့ မနက်ပိုင်းမှာ အလောင်းပြန်တွေ့ခဲ့ရပြီး သမီးဖြစ်သူ မယဉ်မင်းစိုးရဲ့ ရုပ်အလောင်းကိုတော့ အဲဒီနေ့ ညနေပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နွယ်တမယ်ကျေးရွာသားဖြစ်သူ ကိုရှိုင်းဆိုသူလည်း ဆင်ဖြူကျွန်းအောက်စျေးမှာ မိခင်ဖြစ်သူရဲ့ ကုန်ပစ္စည်းတွေကို သယ်ယူရင်း ရေစီးနဲ့ မျောပါသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့က စလင်းချောင်းရေဟာ ညနေ(၄) နာရီဝန်းကျင်ကနေ ည(၉) နာရီဝန်းကျင်အထိ ချောင်းတလျှောက် ကျေးရွာတွေမှာ ရေမြင့်တက်မှုများလာတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မုန်တိုင်းကြောင့် သေဆုံးသူ (၁၈) ဦးအထိရှိလာပြီဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.