မော်လမြိုင် – မေ(၁၅)

အဏုမြူဗုံးကြောင့် ခံစားရတဲ့ ဒုက္ခတွေကို ဖော်ပြတဲ့ Edita Morris ရဲ့ အကျော်ကြားဆုံး ဝတ္တု ဖြစ်တဲ့ The Flowers of Hiroshima ကိုအစွဲပြုပြီး ပေးအပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ယဉ်ကျေးမှု ဟီရိုရှီးမားဆုကို နိုင်ငံတကာ မြန်မာ့သတင်း BNI က ရရှိခဲ့တယ်လို့ သိရပါတယ်။

BNI ဟာ ပြည်တွင်း/ပြည်ပမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွင်းက သတင်းတွေကို သတ္တိ ရှိရှိ ဖြန့်ဝေကာ ရက်စက်ယုတ်မာမှုနဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပရိသတ်တွေ အတွက် သတင်းတွေကို အင်္ဂလိပ်ဘာသာပြန်ဆိုပေးတဲ့ သတင်းဌာန (၁၅) ခုနဲ့ ဖွဲ့စည်းထားတာ ပါ။

လက်ရှိစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း BNI ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက် သတင်း ထုတ်လုပ်မှုတွေကို အဆက်မပြတ်ပြုလုပ်နေတာဖြစ်ပါတယ်။

“အခုလို ကိုယ့်နိုင်ငံအတွင်း နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေ ဆိုးဝါးဆုတ်ယုတ်နေချိန်မှာ သတင်း လုပ်ငန်းကို အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ အန္တရာယ်တွေကြားက လုပ်ဆောင်နေရတဲ့ BNI အဖွဲ့ဝင် သတင်းထောက်တွေအတွက် ဂုဏ်ယူမိတယ်။ အလားတူ ကျမတို့ကို ခိုင်မာတဲ့ သတင်းအချက် အလက်တွေ၊ ရုပ်ပုံတွေ ပေးပို့ဖလှယ်ကြတဲ့ သတင်းအရင်းအမြစ်တွေနဲ့ နိုင်ငံသားသတင်း ထောက်တွေရဲ့ အားထုတ်မှုရလဒ်လို့လည်း ပြောချင်ပါတယ်” လို့ BNI ပြောရေး ဆိုခွင့်ရှိသူ KIC သတင်းဌာန အယ်ဒီတာချုပ် နန်ဖော့ဂေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် BNI ဖွဲ့စည်းထားတဲ့ နှစ်ပေါင်း (၂၀) မှာ အခုလို အသိအမှတ်ပြုဆုရရှိခဲ့တာနဲ့ ပတ်သက် ပြီး ကျေနပ်ပီတိဖြစ်ရသလို အဖွဲ့ဝင် မီဒီယာအဖွဲ့အစည်းတွေရဲ့ မီဒီယာလုပ်ငန်းအပေါ် ခံယူချက်၊ ယုံကြည်ချက်တွေကို အားဖြည့်ပေးလိုက်သလို ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

Ira Morris Hiroshima Foundation for Peace and Culture ဆုကို ၁၉၀၃-၁၉၇၂ ခုနှစ်မှာ အမေရိကန်စာရေးဆရာ Ira Morrisနဲ့ လက်ထပ်ခဲ့တဲ့ ဆွီဒင်စာရေးဆရာ Edita Morris ရဲ့ တောင်းဆိုချက်အရ ၁၉၈၉ ခုနှစ်မှာ ဒီဆုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

ဒီဆုဟာ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းရေးဖော်ဆောင် မှုတွေ မှာပါဝင်တဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို ပေးအပ်ချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။

BNI က ရရှိထားတဲ့ ၂၀၂၃ ခုနှစ်အတွက် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ (၅၀၀၀၀) ချီးမြှင့်မှာ ဖြစ်ပြီး ဆုပေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ လာမယ့် စက်တင်ဘာလ အတွင်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BNI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.