မော်လမြိုင်၊ မေ(၁၄)
ပြည်တွင်းကနေထွက်ရှိနေတဲ့ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ကြက်သွန်နီ၊ကြက် သွန်ဖြူနဲ့ ဂျင်းတို့ဟာ ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် ပစ္စည်းတမယ်ကို ၃၀ ရာခိုင်နှုန်းနီးပါး ဈေးနှုန်းမြင့်တက်လာတယ်လို့ ကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ဖြစ်တဲ့ ကြက်သွန်နီတွေဟာ ပြီးခဲ့တဲ့မေလဆန်းပိုင်းမှာ မုံရွာကြက်သွန်နီအကြီး တစ်ပိဿာကို ကျပ် ၁၅၅၀ ဝန်းကျင်သာ ရှိရာကနေ လက်ရှိမှာတော့ ကျပ် ၂၀၅၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကြူကုတ်ကြက်သွန်ဖြူ တစ်ပိဿာကို ကျပ် ၅၈၀၀ ဝန်းကျင်ကနေ ကျပ် ၇၂၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာသလို ဂျင်းကလည်း တစ်ပိဿာကို ကျပ် ၃၈၀၀ ဝန်းကျင်မှ ကျပ် ၄၃၀၀ ဝန်း ကျင်ထိ ဈေးနှုန်းထပ်မံမြင့်တက်လာ ဖြစ်ပါတယ်။
ပြည်တွင်းထွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ဟာ အိမ်နီး နားချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ထွက်ရှိမှုနည်းပါးပြီးနောက် အဝယ်လိုက်လာတာကြောင့် ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“အခုက နိုင်ငံခြားတွေကလည်း ဒီမှာပဲလာဝယ်ကြတယ်လေ။ ကြက်သွန်နီဆိုလို့ရှိရင် ထိုင်းရယ်၊ ဗီယက်နမ်ရယ်၊ တရုတ်ရယ် အဲဒီ ၃ နိုင်ငံဝယ်ကြတာ။ အဲဒီဂျင်းဈေးတက်သွားတာက တရုတ်ရယ်၊ ဘင်္ဂလားရယ် အခုလက်ရှိမှာ သွားနေတယ်။ အစ်မတို့ဒီဘက်ကပစ္စည်းတွေကျတော့ တက်နေတာက အခုလောလောဆယ် ထွက်တာလည်း နည်းနည်း နည်းလို့ဖြစ်မယ်။ နယ်ကလည်းမစုံသေးဘူး။ ကြက် သွန်ဖြူတွေကတော့ ကြူကုတ်ကျတော့ တရုတ်ဘက်ကလာတဲ့ပစ္စည်း။ တရုတ်မှာကလေ ဒီအချိန်ကအဟောင်းတုံးချိန်ပေါ့နော်။ အသစ်က မထွက်သေးဘူး၊ အဟောင်းက ရှားနေပြီ။ အဲဒါကြောင့် တက်သွားတာ။ ဈေးတက်တာကျတာက သူတို့ဝယ်တဲ့အပေါ်မှာပဲ မူတည်တယ်။ ဒီအချိန်ကျတော့လည်း လှောင်တဲ့သူကလည်း လှောင်တယ်၊ လှောင်သမားတွေကလည်း လှောင်ကြတယ်၊ အဲဒီလိုမျိုးဖြစ်တော့လေ ဈေးလိုက်တက်သွားတာ”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကြက်သွန်နီနဲ့ဂျင်းတွေဟာ ပြည်ပကဝယ်ယူမှုများနေတာကြောင့် ဝယ်လိုအား မြင့်တက်နေပြီး ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
ဈေးကွက်အတွင်းမှာတော့ ပြည်ပကဝယ်ယူမှု များနေတာကြောင့် အရောင်းအဝယ်သွက်ကာ ဝယ်လို အားများနေသလို ဒေသတွင်းမှာလည်း မဖြစ်မနေ မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းဖြစ်တဲ့အတွက် ဈေးနှုန်းမြင့်တက်နေပေမယ့် ပုံမှန်အတိုင်းအရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။
အိမ်ရှင်မတစ်ဦးကလည်း မီးဖိုချောင်သုံး စားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်လာတာကြောင့် အရင်ကထက်ပိုပြီး ချွေတာသုံးစွဲနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နောက်ဖေးချောင်သုံးပစ္စည်း အပါအဝင်ပေါ့နော် ပစ္စည်းတော်တော်များများ ဈေးတက်သွားတယ်။ ဒီတော့ အိမ်ရှင်မတွေက ပိုက်ဆံကိုပိုချွေတာသုံးရတော့တာပေါ့နော်။ အရင်တုန်းက ပိုက်ဆံတစ်ထောင်ဆိုရင် သုံးရပြုရတဲ့ဥစ္စာမှာ မယ်မယ်ရရသုံးလို့ရပေမယ့် အခုတစ်ထောင်ဆို မယ်မယ်ရရသုံးလို့မရတဲ့အခါကျတော့ အရင်ထက်စာရင် ပိုပြီးတော့စိစစ်ရတာပေါ့။ ပိုပြီးတွက်ချက်ရတော့ ခေါင်းကိုက်တာပေါ့နော်။ လစာဝင်ငွေတိုးဖို့ ဥစ္စာကလည်း လတ်တလောအခြေအနေမှာ မဖြစ်နိုင်ဘူးပေါ့နော်။ မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ အိမ်ရှင်မတွေကတော့ စိတ်အညစ်ရဆုံးလူထဲမှာ ပါတာပေါ့။ နောက်အာ ဟာရ ပြည့်ပြည့်ဝဝနဲ့ မိသားစုစားဖို့သောက်ဖို့ဆိုရင် စီစဉ်ရတာ ပိုခက်ခဲသွားတာပေါ့။ လက်ဆတ်တဲ့ အစားအစားတွေရဖို့၊ ဝယ်နိုင်ဖို့ဆိုရင်လည်း ပိုခက်ခဲတာပေါ့နော်”လို့ ဆိုပါတယ်။
ဒေသထွက် မီးဖိုချောင်သုံးစားသောက်ကုန်တွေဟာ အညာဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ရှောင်နေရတဲ့အတွက် အရင်လိုစိုက်ပျိုးနိုင်ခြင်းမရှိသလို တိုက်ပွဲတွေကြောင့် လမ်းခရီးသွားလာရ ခက်ခဲတဲ့အတွက်လည်း အရင်ကထက် ဝင်ရောက်မှုနည်းလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေသတွင်းမီးဖိုချောင်သုံးစားသောက်ကုန် စိုက်ပျိုးတဲ့နေရာမှာလည်း သွင်းအားစုဈေးနှုန်း အဆမတန် မြင့်တက်နေတာ၊ အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတာအပြင် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်နေတာကြောင့်လည်း တောင်သူတွေအနေနဲ့ လျော့ချစိုက်ပျိုးလာတဲ့အတွက် ထွက်ရှိမှုနည်းပြီး ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ ကြက်သွန်နီနဲ့ဂျင်းတို့ကိုတော့ အထက်အညာဒေသတွေဖြစ်တဲ့ မုံရွာ၊ ဆိပ်ဖြူ၊ မလှိုင်၊ မြစ်သား၊ မိတ္ထီလာနဲ့ မြင်းခြံတို့မှာ အဓိကစိုက်ပျိုးတာဖြစ်ပြီး ကြက်သွန်ဖြူကိုတော့ အောင် ပန်းမြို့ကနေ ဈေးကွက်အတွင်း အဓိကဝင်ရောက်တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ