ရန်ကုန်၊ မေ(၁၂)
အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ ၂ သန်းနီးပါး ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုစနစ်(GDACS) က မေ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
GDACS ရဲ့ ခန့်မှန်းချက်အရ ဆိုင်ကလုန်း မုန်တိုင်းမိုခါဟာ မေ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေဒေသဖြစ်တဲ့ ကျောက်ဖြူမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၉ သိန်းကျော်နဲ့ နိုင်ငံတဝန်းက ပြည်သူ ၁ သန်းကျော်ဟာ အားပြင်းတဲ့မုန်တိုင်းဒဏ်ကြောင့် ထိခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အနီရောင်အဆင့် သတ်မှတ်ထားတဲ့ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းမိုခါဟာ တစ်နာရီကိုအမြင့်ဆုံးလေ တိုက်နှုန်း ၁၆၇ ကီလိုမီတာနဲ့အထက် တိုက်ခတ်လာနိုင်ပြီး မြန်မာနိုင်ငံအနေနဲ့ ထိခိုက်ခံရမှုအများဆုံးဖြစ်နိုင်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီမိုးဇလကလည်း အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါဟာ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်စဉ် တစ်နာရီကို အမြင့်ဆုံးလေတိုက်နှုန်း မိုင် ၉၀ ကနေ ၁၀၀ ကျော်အထိ တိုက် ခတ်နိုင်တယ်လို့ ခန့်မှန်းထားတာပါ။
ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဖြတ်ကျော်စဉ် ရခိုင်ပြည်နယ် စစ်တွေနဲ့မောတောခရိုင်တို့မှာ ရေလှိုင်းအမြင့်ပေဟာ ၁၀ ပေကနေ ၁၄ အထိ၊ ကျောက်ဖြူခရိုင်မြစ်ဝနဲ့ မြစ်လက်တက်တို့မှာ ရေလှိုင်းအမြင့်ပေ ၇ ပေကနေ ၁၀ ပေအထိ မြင့်တက်နိုင်တယ်လို့ သတိပေးထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မေ ၁၁ ရက်နေ့ ၁၅ ရက်နေ့အထိ နိုင်ငံတဝန်းရှိ ဒေသအသီးသီးမှာ မိုးသည်း ထန်စွာရွာသွန်းတာနဲ့ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ