ကျိုက်ထို၊ မေ(၁၂)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာနဲ့မြောက်ပိုင်းရပ်ကွက်နေ ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ပူးပေါင်းအဖွဲ့တွေဟာ မေ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်တောင်းကျေးရွာနေ ကိုနေလင်းထိုက်ရဲ့နေအိမ်နဲ့ကုန်စုံဆိုင်၊ မြောက်ပိုင်းရပ်ကွက်နေ ကိုထက်ဥက္ကာလင်းရဲ့ ဆိုင်ကယ်အပို ပစ္စည်းအရောင်းဆိုင်နဲ့ နေအိမ်တို့ကို လာရောက်ချိတ်ပိတ်သွားပါတယ်။
စစ်ကောင်စီတပ်ဟာ အဲဒီဒေသခံ ၂ ဦးကို ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လာရောက်ဖမ်းဆီးပြီးနောက် နေအိမ်နဲ့ပိုင် ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့တာပါ။
ဖမ်းဆီးထားတဲ့ဒေသခံ ၂ ဦးကိုတော့ စစ်ကောင်စီကနေ ထောင်ဒဏ်တစ်သက် တစ်ကျွန်းအထိ ချ မှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ် ၅၀ (ည) ၊ ၅၀ (ဈ) ၊ ၅၂ (က) တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် NLDပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တက်ကြွလှုပ်ရှားသူတွေအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့ထားတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာ ဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်၊အဆောက်အဦးနဲ့ အကြီးစားပိုင်ဆိုင်မှု ၈၀၀ နီးပါး ချိပ်ပိတ်ခံရထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SBM