မန္တလေး – မေ(၁၁)
အာဏာသိမ်းစစ်ကောင်စီရဲ့ တော်လှန်ရေးအဖွဲ့တွေကနေ လက်နက်ယူပြီးပြန်လာမယ့် သူတွေကို ဆုငွေချီးမြှင့်မယ်လို့ ကြေညာပြီးနောက် PDF ၅ ဦးလက်နက်နဲ့ အလင်းဝင်လာတယ်လို့ လိမ်လည် ဝါဒဖြန့် ပြီး သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၀) ရက်နေ့ကပြန်လည်ဝင်ရောက်လာသူတွေကို မန္တလေးတိုင်း အောင်မြေသာစံ မြို့နယ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ သင်တန်းကျောင်း ခန်းမမှာ လက်ခံကြိုဆိုရေး အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ဆိုထားတာပါ။
လက်နက်တွေနဲ့ စစ်ကောင်စီထံ ဝင်ရောက်လာတဲ့ PDF (၅) ဦးကို ကတိအတိုင်း ဆုငွေပေးအပ်ခဲ့ ပြီးနောက် မိသာစုထံလွှဲပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီထံ အလင်းဝင်လာတဲ့ PDF ဆိုသူတွေဟာ သူတို့ ဖွဲ့စည်းထားတဲ့ ပျူစောထီးနဲ့ သွေး သောက်အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
အလင်းဝင်ရောက်လာသူတွေနဲ့အတူ လက်လုပ် ပစ္စတို(၂)လက်၊ မောင်းပြန်ပစ္စတို တစ်လက် ယူဆောင်လာတဲ့အတွက် စုစုပေါင်း ကျပ်သိန်း(၃၀) ကို ကတိအတိုင်းပေးအပ်ခဲ့တယ်လို့ ဆိုထား တာပါ။
စစ်ကောင်စီဟာ သူတို့အာဏာသိမ်းယူပြီးနောက်ပိုင်း ရာနဲ့ချီပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ် ဖွဲ့တွေအပါအဝင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒီကနေ့အထိ မြေပြင်တိုက်ပွဲတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
“ဒီလိုထုတ်ပြန်ချက်နဲ့ လူထုနဲ့တော်လှန်ရေးအင်အားစုတွေကြား သူတို့အတွက်အကျိုးအမြတ်တစ်စုံ တစ်ရာ ရလိုရငြားဆိုပြီး လုပ်တဲ့ပုံစံပါ။ ဒီဗျူဟာမအောင်မြင်မယ့် ဗျူဟာပဲဖြစ်တယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်”လို့ လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က သံလွင်တိုင်းမ် ကိုပြောပါတယ်။
အရင်စစ်အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ ဦးသန်းရွှေ လက်ထက်မှာလည်း တော်လှန်ရေးအင်အား စုတွေကို လက်နက်ချအလင်းဝင်ခိုင်းပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေချပေးကာ သွေးခွဲသပ်လျှိုခဲ့တဲ့ ဖြစ် စဉ်တွေလည်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံး