ရန်ကုန်၊ မေ(၁၁)

တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်မှာဖွင့်ထားရပြီး အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ နိုင်ငံရေးတွေမှာ ဆုတ်ကပ်ဆိုက်လာနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို မက်လုံးပေး ဖြိုခွဲမယ့်ဗျူဟာထုတ်သုံးလာနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီဟာ သူတို့အာဏာသိမ်းယူပြီးနောက်ပိုင်း ရာနဲ့ချီပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒီကနေ့အထိ မြေပြင်တိုက်ပွဲတွေ ရင်ဆိုင်နေရတာပါ။

အဲဒီတိုက်ပွဲတွေအတွင်း အရေးနိမ့်လာနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူတွေကိုပါ ပိုမိုအားထားနေရပေမယ့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ကြတဲ့ စစ်သားတွေလည်း ရာနဲ့ချီရှိနေတာပါ။

ဒီလိုအခြေအနေမှာ စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေအနေနဲ့ လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာရင် ဆုကြေးငွေ အနည်းဆုံးနှစ်သိန်းကျပ်ကနေ အများဆုံး ၇၅ သိန်းကျပ်အထိ ထောက်ပံ့ပေးသွားမယ်လို့ မေ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

CDM ဗိုလ်ကြီးလင်းထက်အောင်ကတော့ စစ်ကောင်စီအနေနဲ့ မြေပြင်တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့အတွက် စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေးစွမ်းရည်တွေဟာ နိမ့်ပါးကျဆင်းလာတဲ့ ပုံစံရှိနေတာကြောင့် ရင်ဆိုင်နေရသူတွေကိုဖြိုခွဲဖို့ ဒီဗျူဟာသုံးတာလို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ ရှုံးနိမ့်တာတွေကတော့ တော်တော်ကို များလာတယ်။ အဓိက သူတို့ စစ်တပ်ရဲ့ စစ်အုပ်စည်းပေါ့။ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တွေက တော်တော်ကို နိမ့်ပါးကျဆင်းလာတဲ့ ပုံစံရှိတယ်။ ဒီစွမ်းရည်ကို အကောင်အထည်ဖော်ဖို့ထက် သူတို့အောက်ခြေက သူတွေဟာ သူတို့ချမှတ်တဲ့ ဗျူဟာတွေမှာကို လိုက်ပါဆောင်ရွက်နိုင်စွမ်းက တော် တော်ကို နည်းလာတယ်။ အဲဒီအတွက်ကြောင့် သူတို့ရင်ဆိုင်နေရတဲ့သူတွေကို ဒီစွမ်းရည်တွေနဲ့ အနိုင်တိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ ဒီဘက်အင်အားစုတွေကို ဖြိုခွဲဖို့ပဲရတဲ့နည်းလမ်းအားလုံးနဲ့ ဖြိုခွဲမယ့်ပုံစံပဲ ရှိတော့တယ်။ အဲဒါကြောင့်မို့ ဒီလိုထုတ်ပြန်ချက်နဲ့ လူထုနဲ့တော်လှန်ရေးအင်အားစုတွေကြား သူတို့အတွက်အကျိုးအမြတ်တစ်စုံတစ်ရာ ရလိုရငြားဆိုပြီး လုပ်တဲ့ပုံစံပါ။ ဒီဗျူဟာမအောင်မြင်မယ့် ဗျူဟာပဲဖြစ်တယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်”လို့ သူက ဆိုပါ တယ်။

စစ်ကောင်စီရဲ့ ဆုကြေးငွေပေးမယ့် လက်နက်ခဲယမ်းအမျိုးအစားတွေမှာတော့ စကားပြောစက်ပါရှိရင် ကျပ်နှစ်သိန်း၊ လက်လုပ်မိုင်းတွေ လက်ပစ်ဗုံးတွေပါရှိရင် သုံးသိန်း၊ လက်လုပ်သေနတ် တစ်လက်ပါရှိရင် ငါးသိန်း၊ ဗုံးဖောက်ခွဲရေး Drone တစ်စင်း ပါရှိရင် သိန်း ၅၀ နဲ့ စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီလို လက်နက်တွေပါရှိရင်တော့ ကျပ် ၇၅ သိန်းအထိ ပေးအပ်သွားမယ်လို့ စစ်ကောင်စီက မက်လုံးပေးထားပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းနဲ့ ဝင်ရောက်လာသူတွေအနေနဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါးအပေါ် ထိ ခိုက်နစ်နာစေမှုစတဲ့ ပြစ်မှုတခုခုကျူးလွန်ထားသူတွေဖြစ်နေရင် ဥပဒေအရတရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမှုရင်ဆိုင်ဖြေရှင်းရာမှာလည်း စစ်ကောင်စီက ပြစ်မှုအပေါ်မူတည်ပြီး ဥပဒေအရ လိုအပ်တဲ့ ဖြေ လျှော့မှုတွေကို ပြုလုပ်ပေးသွားမှာဖြစ်သလို လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။တောင်ညိုတပ်ရင်းက ရဲဘော်ကိုထွေးကတော့ စစ်အုပ်စုဟာ ယုံကြည်မှုပျက်ပြားအောင် လုပ်ဆောင်နေတဲ့အတွက် သူတို့ရဲ့လုပ်ရပ်အပေါ် လုံးဝအယုံအကြည်မရှိတော့သလို အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ခဏ ခဏ ယုံကြည်မှုပျက်ပြားအောင် ကတိတွေပေးခဲ့ပြီးမှ သူတို့ (စစ်အုပ်စု) ဖျက်ပစ်ခဲ့တယ်။ ကျွန် တော်တို့တွေရော ပြည်သူတွေကပါ ထပ်ပြီးသူ့ကိုယုံကြည်မယ်လို့ သူထင်နေတုန်းပေါ့။ ကျွန်တော်တို့ ဘယ်လိုမှ ယုံကြည်မပေးနိုင်တော့ဘူး၊ အဆုံးထိပဲသွားမှာ။ ကျွန်တော်တို့ကို ၇၅ သိန်းပေးမယ် သေ နတ်ယူပြီးလာခဲ့ပါ၊ ပြစ်မှုပြစ် ဒဏ်လျှော့ပေးပါမယ်။ သူတို့ ပြန်လာခဲ့ခိုင်းပါ။ ကျွန်တော်တို့ ပြည်သူ့ရင်ခွင်ခိုလှုံလိုက်ပါ၊ သေနတ်တစ်လက်ပါရင် ကျပ်သိန်း ၁၀၀ ပေးပါ့မယ်။ ကျွန်တော်တို့ကတော့ လုံးဝအယုံအကြည်မရှိတော့ပါ၊ အဆုံးအထိသွားမှာပါ။ အရေးတော်ပုံအောင်ရပါမယ်”လို့ သူကဆိုပါတယ်။

စစ်ကောင်စီကတော့ အကြောင်းအမျိုးမျိုးကြောင့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့တွေထဲ ရောက်ရှိနေသူတွေ၊ ဥပဒေပြင်ပရှိ အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူတွေအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ရတာလို့ ဆိုထားပါတယ်။

အရင်စစ်အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ ဦးသန်းရွှေ လက်ထက်မှာလည်း တော်လှန်ရေးအင်အားစုတွေကို လက်နက်ချအလင်းဝင်ခိုင်းပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေချပေးကာ သွေးခွဲသပ်လျှိုခဲ့တဲ့ ဖြစ် စဉ်တွေလည်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း စစ်ကောင်စီဘက်က မက်လုံးပေးစည်းရုံးလာပေမယ့် ဘဝနဲ့ အသက်ကိုရင်းပြီး တော်လှန်ရေးအပေါ် ယုံကြည်ချက် ခိုင်မာပြတ်သားတဲ့သူတွေဟာ တစ်နပ်စာအ ခွင့်အရေးအတွက်နဲ့ သူတို့ခံယူချက်ကို လဲမှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

“အဓိကတော့ ဒီဘက်က အဲဒီလိုလုပ်လာတဲ့အခါမှာ ကိုယ့်ရဲ့ တော်လှန်ရေးအပေါ် ဘယ်လောက်ယုံ ကြည်မှုရှိသလဲ။ ဘယ်လောက် ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်သလဲ။ ဘယ်လောက်အခက်အခဲ ဆင်းရဲဒုက္ခတွေ့ပါစေ မိမိယုံကြည်ရာကို မစွန့်လွှတ်ဘဲနဲ့ လုပ်ပြတဲ့သူတွေ လုပ်နိုင်မယ့် သူတွေရှိဖို့ပဲ အရေးကြီးပါတယ်။ အခွင့်အရေးသမားတွေကတော့ ပေးတဲ့အခွင့်အရေးကို ယူပြီးတော့ တော်လှန်ရေးကို အားနည်းသွားအောင် လုပ်ဆောင်ကြမှာပဲလေ။ အဲဒါကြောင့် ဒီလိုလူမျိုးတွေက သူတို့ရဲ့ တော်လှန်ရေးလမ်းကြောင်းကို ကြည့်တဲ့နေရာမှာ ကိုယ့်အတွက် လုပ်တာလား ၊ အများအတွက် လုပ်တာလားပေါ့။ အဲဒီလိုချိန်ဆပြီး နိုင်ငံရေးသမား၊ တော်လှန်ရေးသမား အစစ်အမှန်ဖြစ်တယ်ဆိုရင် ပုဂ္ဂိလိက အခွင့်အရေးတွေကို ဘယ်သူမှမက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဘဝကိုလဲပြီး အသက်ကိုလဲပြီး လုပ်လာတဲ့လူတွေအနေနဲ့ ကိုယ့်အခွင့်အရေး တစ်နပ်စာလေးနဲ့တော့ သူတို့ရဲ့ ခံယူချက်ကို လဲမှာမဟုတ်ဘူး။ နဂိုကတည်းက စိတ်မငြိမ်တဲ့သူတွေ အခွင့်အရေးသမားတွေပဲ ဒီလမ်းစဉ်နောက်ကို လိုက်မယ်လို့ ကျွန်တော်ထင်တယ်”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ အတိုက်အခံအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေက လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုကြေးငွေပေးအပ်တာတွေ ရှိနေတာပါ။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ ဆုကြေးငွေထုတ်ပြီး PDF တွေကို စည်းရုံးတာဟာ တော်လှန်ရေးအင်အားစုတွေကြား စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မယ့်သဘောလို့ ထောက်ပြကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အချက်အလက်တွေအရ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း ရန်သူ့အင်အား သုံးသောင်းခန့်ကို သုတ်သင်နိုင်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ် မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၃၀၀၀ ကျော်လည်း ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ မေ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PVTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.