သထုံ၊ မေ(၁၁)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ကင်းထောက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ဝါပသဲကျေးရွာအနီးမှာရှိတဲ့ PDF စခန်းနဲ့ ဝါပသဲကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် KNU သထုံခရိုင်နယ်မြေထဲကို လေယာဉ်နဲ့အဆက်မပြတ် ကင်းထောက်တာတွေ လုပ်ဆောင်လာတာပါ။
ထူးခြားမှုအနေနဲ့ စစ်ကောင်စီတပ်ဟာ မေ ၉ ရက်နေ့ တစ်ရက်တည်း KNU သထုံခရိုင်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တို့မှာ လေယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း လာရောက်ကင်းထောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လေယာဉ်နဲ့ ကင်းထောက်မှုတွေ လုပ်ဆောင်လာတာကြောင့် လေယာဉ်အန္တရာယ် ရန်ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်တာ လုပ်ဆောင်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့ အထူးသတိထား သွား လာနေကြဖို့ တိုက်တွန်းတာပါ။
ပြီးခဲ့တဲ့လကစပြီး ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ၄၄ ဌာနချုပ်နဲ့ သထုံခရိုင်အတွင်းက တပ်စခန်းတွေကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏဆိုသလို လက်နက်ကြီးအပြင် ဒရုန်းနဲ့သွားရောက်တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ဌာနချုပ်ရုံးနေရာ ပြောင်းရွှေ့ထားတာကြောင့် လူထိခိုက်ဒဏ်ရာမရှိဘဲ အဆောက်အဦးတချို့သာ ထိခိုက်ပျက်စီးခဲ့ပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU