ရန်ကုန်၊ မေ(၁၁)
ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ယနေ့နံနက်ပိုင်းမှာ ပိုမိုအားကောင်းလာခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို မေ လ(၁၄)ရက်နေ့မွန်းလွဲပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိမုန်တိုင်းရဲ့အဆင့်ကို နိုင်ငံတကာ မိုးလေဝသအေဂျင်စီတွေက အင်အားအပြင်းဆုံး အနီရောင်အဆင့် အဖြစ်သတ်မှတ်ထားပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မိုးဇလ ဌာနကတော့လက်ရှိအချိန်မှာ မုန်တိုင်းကို လိမ္မော် ရောင်အဆင့် သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားတာပါ။
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်အဆင့်ကနေ မြာက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအား ကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်- အနောက်တောင်ဘက် ရေမိုင်(၃၆၅) မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၇၅) မိုင်ခန့်ကို ဗဟိုပြုနေတာပါ။
ဒါ့အပြင် စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၁၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်းရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ပို့ပလဲယားရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၈၀)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၆၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မိုခါရဲ့အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိ ပါသဖြင့် လိမ္မော်ရောင်အဆင့်လို့သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဆိုင်ကလုန်းမိုခါဟာ ပိုမိအားကောင်း လာနေပြီး မေလ(၁၂)ရက်နေ့ မှာ မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်းမှာ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း အဖြစ်ကိုရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ(၁၄)ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင် ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူ မြို့(Kyaukpyu) တို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
ဆိုင်ကလုန်းမိုခါအရှိန်ကြောင့် ဒီကနေ့နံနက်ပိုင်းကစပြီး မေလ(၁၅)ရက်နေ့အတွင်း နေ ပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာမယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့မှာ ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- မိုးဇလ