ပြောရန်ကုန်၊ မေ(၁၁)
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ အာဆီယံသံတမန်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းတိုက် ခိုက်ခံရမှုကို ရှုတ်ချကြောင်းနဲ့ ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ အာဆီယံထိပ်သီးခေါင်းဆောင်တွေက ကြေညာချက်ထုတ်ပြန်ပါတယ်။
မေ ၁၀ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ကြေညာချက်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အလွန်စိုးရိမ်သလို ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လုံခြုံစွာအချိန်နဲ့တပြေးညီပေးအပ်နိုင်ဖို့ သင့်လျော်တဲ့ ပတ်ဝန်းကျင်ဖန်တီးဖို့ တိုက်တွန်းတယ်လို့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာအရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာသူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုအပေါ် ထောက်ခံကြောင်းနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အ ထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာကို လစ်လပ်ထားပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
သံတမန်ယာဉ်တန်းတိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့ လတ်တလော အခြေအနေရှုပ်ထွေးနေပေမယ့် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က မေ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -EPA