ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အကြောင်းအရပ်ရပ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ၁၇ ကြိမ်မြောက် ကရင်အမျိုးသား အစည်းအရုံး KNU ကွန်ကရက်ညီလာခံကိုတော့ ပြီးခဲ့တဲ့ ဧပြီ(၂၄)ရက်နေ့ကနေ မေလ(၄)ရက် နေ့အထိ ၁၁ ရက်အကြာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ညီလာခံပြီးနောက် မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင် နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ လူထုလူတန်းစားအသီးသီးနဲ့အတူ လက်တွဲပူး ပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွား ကြမယ်လို့ KNU ဘက်က ထုတ်ပြန်လာပါတယ်။

ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေ၊ ထိပ် ပိုင်းခေါင်းဆောင် အပြောင်းအလဲနဲ့ ဘာဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး KNU ဗဟိုကော်မတီဝင် ပဒိုစော ကလယ်စေးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး KNU ကွန်ဂရက် ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရှေဆက်လုပ်ငန်းစဉ်တွေ ဘယ်လိုဆက်ရှိမလဲ။

ရှေ့ဆက်လုပ်ရမယ့် လေးနှစ်တ ရှေ့လုပ်ငန်းစဉ်တွေပေါ့။ အသေးစိတ်တော့ ထုတ်ပြန်ထားတာမရှိဘူး။ လုပ်ရ မယ့် အလုပ်တွေကို စီမံခန့်ခွဲမှုတွေ တာဝန်ယူရမယ့် ခေါင်းဆောင်တွေကို အခုလက်ရှိမှာ တာဝန်ခွဲဝေလုပ်နေ ပါတယ်။

-တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ဒီမိုကရေစီအင်အားစုတွေ လူထုလူတန်းစားအသီးသီးတွေနဲ့ ပူးပေါင်းဆောင်ရွက် မယ်လို့ပါရှိတယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမလဲ။

အလွှာအသီးသီးက လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍအပေါ်မှာ မူတည်ပြီးတော့ ပူးတွဲဆောင်ရွက်သွားဖို့တော့ အဲဒီလိုတော့ ရည်မှန်းချက်ရှိတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်ဆိုတာ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြားထဲမှာ တော်လှန်ရေးပုံသဏ္ဍန်ကမတူကြဘူး။ မတူညီတဲ့ တော်လှန်ရေးအစုအဖွဲ့တွေ အလွှာအသီးသီးကို စုစည်းပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရနိုင်မလဲဆိုတာ အရင်ဆုံးတွေ့ဆုံဆွေးနွေးပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီးတော့ ဆောင်ရွက်သွားဖို့ အဲဒီလိုမျိုး ရည်ရွယ်ထားပါတယ်။

-KNU ဥက္ကဌအပြောင်းအလဲမှာ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေ ဘယ်လိုဆက်ရှိလာနိုင်မလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
ပြီးခဲ့တဲ့ တစ်လကျော်က ကျွန်တော်တို့ အစီရင်ခံစာတစ်စောင်ထုတ်ခဲ့ဖူးတာ ရှိတယ်။ လူ့အခွင့်အရေးချိုး ဖောက်ခံနေရတဲ့ ကျွန်တော်တို့ နယ်မြေထဲမှာရှိတဲ့လူထုတွေ ခံစားရတဲ့ဟာတွေ လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်တဲ့ထဲမှာ သုံးသပ်ချက်တစ်ခု ပါရှိတယ်။ တွက်ထားတာကတော့ ဥက္ကဌအပြောင်းအလဲဖြစ်တာရော၊ မဖြစ်တာရော ပက်သတ်မှုက ရှိမရှိ ကျွန်တော်တို့က အတိအကျတော့ မသိဘူး။ ရှေ့ဆက်မှာ တိုက်ပွဲတွေက ပြင်းထန်လာမယ်လို့ တွက်ဆထားတယ်။ ဥက္ကဌအပြောင်းအလဲကြောင့် တိုက်ပွဲဖြစ်လာတယ်လို့ ကျွန်တော်တို့ တွက်လို့တော့ မရဘူး။ အခုလက်ရှိ စစ်ကောင်စီဘက်က အခြေအနေကို ခန့်မှန်းတာဖြစ် ပါတယ်။ အကျပ်အ တည်းပိုပြီး ဆိုက်လာတာနဲ့အမျှ တိုက်ပွဲတွေပိုပြီး သူ့ဘက်က နှိပ်ကွက်မှုမျိုး ပိုပြီးလုပ်ဆောင်လာမယ်လို့ ကျွန် တော်တို့ အဲဒီလိုမျိုးတွက်တာပါ။

-KNU ကွန်ကရက်မှာ ဌာနတွေပြန်လည်ပြင်ဆင် ဖွဲ့စည်းတာနဲ့ လူငယ်တွေပါဝင်ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။

ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်တဲ့အချိန်မှာ ကျွန်တော်တို့ ချန်ထားခဲ့တဲ့ စည်းရုံးရေးနဲ့ ပြန်ကြား ရေးဌာနရယ်၊ မဟာမိတ်ရေးရာဌာနရယ် အဲဒီနှစ်ခုပေါ့။ ကျွန်တော်တို့ ပြန်သုံးသပ်လိုက်တဲ့အခါ ဒီဌာနနှစ်ခုက အုပ်ချုပ်ရေးနဲ့ကို မသက်ဆိုင်ဘူးဖြစ်နေတယ်။ အဲဒါက တစ်ခုပေါ့။ သူကတိုက်ရိုက်နိုင်ငံရေးကို ဦးဆောင်နေတဲ့ လုပ်ငန်းအောက်မှာ ပါဝင်နေတဲ့ အတွက် ဒီဌာနကို ကျွန်တော်တို့က ချန်ထားခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အခြားသော ကော်မတီတစ်ခုထဲကို ပြန်ထည့်သွင်းတာ ဖြစ်ပါတယ်။ ကော်မတီဆိုတာက နိင်ငံရေးနဲ့ စည်းရုံးရေး ကော်မတီအောက်ထဲကို ပြန်ထည့်သွင်းပြီးတော့ လက်ရှိလုပ်တဲ့ လုပ်ငန်းကို ပုံမှန်လည်ပတ်သွားမှာ ဖြစ်ပါ တယ်။

လူငယ်တွေ များများပါဝင်လာတဲ့အတွက် ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေ များပြားတဲ့အပေါ်မှာ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အကျိုးသက်ရောက်မှုဆိုတာက လူငယ်တွေလူလတ်ပိုင်းတွေ ဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့အခါ အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ လူကြီးပိုင်းတွေကလည်း လူငယ်တွေကို ထိန်းကျောင်း တည့်မတ် ပေးသွားနိုင်တာပေါ့။ ကျွန်တော်တို့ ပါဝင်တဲ့ လူငယ်တွေများလာတဲ့အပေါ်မှာ လှုပ်ရှားဆောင်ရွက်မှုတွေလည်း အားကောင်းလာမယ်လို့ မျှော်လင့်ပါ တယ်။

နောက်ဆုံးအနေနဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ သဘောထားထုတ်ပြန်ချက် ထုတ် ထားတာရှိတယ် ၊ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

စွပ်စွဲမှုတွေ ရေးသားတင်ပြမှုတွေက ကျွန်တော်တို့ ကန့်ကွက်တာပေါ့။ ပထမဆုံးအနေနဲ့။ ကျွန်တော်တို့ လိုင်း ပေါ်မှာ တွေ့ရတဲ့စာချုပ်စာတမ်းကိစ္စတွေမှာ ပြန်ကြည့်ရင် ခေါင်းဆောင်တွေ ပါဝင်လက်မှတ်ထိုးထားတာ တွေ့ ရပါတယ်။ သို့သော် ဒီဟာတွေက အပြစ်ရှိတယ်လို့ မှားယွင်းတယ်လို့ ကျွန်တော်တို့ ယူဆလို့ မရသေးပါဘူး။ အဲဒါကြောင့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာ ရှိပါတယ်။ ဒီစုံစမ်းစစ် ဆေးမှုတွေကိုလည်း လိုအပ်ရင်လိုအပ်သလို အလျဉ်းသင့်သလို ထုတ်ပြန်သွားဖို့လည်း ပြောထားပါတယ်။ ဒီစုံ စမ်းစစ်ဆေးမှုကလည်း အချိန်တိုအတွင်းမှာလည်း မဖြစ်နိုင်ဘူး။ အချိန်ကရှိတဲ့အတွက် တစ်ဆင့်ချင်းစီ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်မယ်။ တွေ့ရှိလျှင် အရေးယူဆောင်ရွက် မှုတွေကို ကျွန်တော်တို့ရဲ့ ကရင်တွေရဲ့လုပ်ထုံးလုပ်နည်း တရားစီရင်ရေးလမ်းကြောင်းကပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိပွဲပြီးမြောက်ကာစဆိုတော့ စုံစမ်းစစ်ဆေးမှုတွေ စဖို့အတွက်တော့ အခက်အခဲ ရှိနေသေး တယ်။ သို့သော်စတင်ပြီး ဖွဲ့စည်းဖို့တော့ ပြင်ဆင်နေတယ်။ တချို့သော အပိုင်းတွေကလည်း ကြိုတင်ပြီး အ ချက်အလက်တွေကို စုစည်းထားတာလည်း ရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.