ရန်ကုန် ၊ မေ (၁၁)
ရန်ကုန်တိုင်းအတွင်း သဘာဝဘေး အန္တရာယ်ကျရောက်လာရင် မြို့နယ်အလိုက် ရှာဖွေကယ်ဆယ်ရေးအတွက် အသင့်ရှိနေပြီဖြစ်တယ်လို့ တိုင်းမီးသတ်ဦးစီးဌာနနဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။
သဘာဝဘေးကျရောက်လာရင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရန်ကုန်တိုင်းထဲမှာရှိတဲ့ မြို့နယ်အဆင့်အလိုက် မီးသတ်ဌာနတွေနဲ့ ပရဟိတအဖွဲ့ အစည်းတွေပူးပေါင်းဆောင်ရွက်ကြဖို့ အကြောင်း ကြားထားတာကြောင့် အသင့်ဖြစ်နေပြီလို့ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့ တစ်ခုကပြောခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။
” တိုင်းဒေသကြီးမီးသတ်ကလည်း အသင့်ပြင်ဆင်ထားပါပြီ။ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အကြောင်းကြားထားပါတယ်။ လက်ရှိအချိန်အထိလည်း အဖွဲ့ကသူတွေ ဇာတ် တိုက်လေ့ကျင့်မှုတွေလုပ်နေပါတယ်။ လိုအပ်တဲ့ ကယ်ဆယ်ပစ္စည်းတွေလည်း အသင့်ဖြစ်သလောက်ကိုရှိ နေပါပြီ” လို့ ဆိုပါတယ်။ဒါ့အပြင် မြို့နယ်အလိုက် မီးသတ်စခန်းတွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့အစည်းတွေနဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စားနပ်ရိက္ခာခြောက်တွေ စုဆောင်းထားတာ၊ ရှာဖွေကယ် ဆယ်ရေး(လူ၊ယာဉ်/စက်၊ပစ္စည်း)တွေအသင့်ထားရှိပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။အလားတူဘဲ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာလည်း သဘာဝဘေးကျ ရောက်လာရင် ကူညီရှာဖွေကယ်ဆယ်ဖို့ ဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ဆောင်ထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီဌာနကလည်း ထုတ်ပြန်ထားပါတယ်။သဘာဝဘေးနဲ့ပတ်သက်လို့ မြောက်ဒဂုံမြို့နယ်အတွင်းနေထိုင်သူဒေသခံတစ်ဦးကလည်း “ရပ်ကွက်ထဲမှာ မုန်တိုင်းသတိပေးချက်နဲ့ ဖြစ်လာရင် ကြိုတင်လုပ် ဆောင်ရမယ့် ကိစ္စတွေ၊ ဘယ်နေရာမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်ဆိုတာတွေကို လိုက်ကြေညာပါတယ်။ အခုလည်း မိုးတွေရွာနေတယ်။ လေကတော့ မတိုက်သေးပါဘူး။ ဒီလောက်နဲ့ပြီးပါစေလို့ဘဲဆုတောင်းနေရတယ်”လို့ ဆိုပါတယ်။
မုန်တိုင်းရဲ့လက်ရှိအခြေအနေဟာဘင်္ဂလားဒေ့ရှ် မြန်မာကမ်းရိုးတန်းကိုဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိ နေတာကြောင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ကြောင်း မိုးလေဝသနနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအ နှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လည်း ထုတ်ပြန် ချက်ကဆိုထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ မိုးကြီးတာ ရုတ်တရတ်ရေကြီးတာတွေနဲ့ မြေပြိုတာတွေဖြစ် ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသအနီးနေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်ရှိလာနိုင်ပြီး ပင်လယ်ကမ်းရိုး တန်းနဲ့ မြစ်ချောင်းများအနီးနေထိုင်ကြသူများအနေနဲ့လည်း ရေကြီးရေလျှံမှုအန္တရာယ် ကြုံတွေ့နိုင်ကြောင်းနဲ့ ပြည်သူတွေ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဝေသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့