ကန့်ဘလူ – မေ(၁၁)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု (၁) လပြည့်သွားပေမယ့်ဒေသခံတွေဟာ နေရပ်မပြန်ရဲကြသေးဘဲ ရွာပျက်သဖွယ်ဖြစ်နေတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပြီးနောက် မလည်တိုက်နယ်ကို စစ်ကြောင်းတွေထိုးပြီး တပ်စွဲ ထားပေမယ့် ပြီးခဲ့တဲ့ ဧပြီလ(၃၀) ရက်နေ့တည်းက စစ်ကြောင်းတွေပြန်လည်ဆုတ်ခွာသွားတာပါ။

ဒါပေမယ့် မလည်တိုက်နယ်က ပဇီကြီး၊ချောင်းသာ စတဲ့ ကျေးရွာက ပြည်သူတွေဟာ တောတောင် တွေနဲ့ ယာတောထဲမှာပဲ နေထိုင်နေကြကာ လူမှုအဖွဲ့အစည်းတွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ NUG အစိုးရတို့က ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

” အရင်က တစုတစည်းတည်း တွေ့နေကြ မြင်နေကြ မျက်နှာတွေ၊ ထမင်းဝိုင်းအတူစားတဲ့ မျက်နှာ တွေကို မတွေ့ရတော့ ပိုပြီးခံစားရမယ်။ စစ်တပ်က ရွာကိုလည်း မီးရှို့သွားတော့ ပြန်နေမယ်ဆိုရင် တောင် တချို့တွေက အိမ်မရှိကြတော့ဘူး။ အဲဒီတော့ စိတ်ဒုက္ခပိုရောက်ကြရတယ်။” လို့ ဒေသခံ တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်ရှိအချိန်ထိ ပဇီကြီးကျေးရွာ ဒေသခံတွေဟာ လေကြောင်းတိုက်ခိုက်မှုခံထားရတာကြောင့် စိတ်ဒဏ်ရာ တွေရရှိနေဆဲဖြစ်ပြီး အလှူရှင်တွေနဲ့ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေလာရောက် လှူဒါန်း ချိန်မှာ ဝမ်းနည်းငိုကြွေးသူတွေရှိနေဆဲဖြစ်ပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဧပြီလ(၁၁) ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ဒေသခံ (၁၇၀) ဝန်းကျင်သေဆုံးထားကာ ဧပြီလ(၁၉) ရက်နေ့ နောက်ပိုင်းမှာ စစ်ကြောင်း ဝင်ရောက်လာပြီးနောက် မလည်တိုက်နယ်က ကျေးရွာ (၃) ရွာကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ဧပြီလ(၂၀) ရက်နေ့မှာတော့ လေးတွင်းစဉ်ကျေးရွာကို မီးရှို့ခဲ့လို့ အိမ်ခြေ(၇၄)လုံး၊ ချောင်းသာရွာက အိမ်ခြေ(၅၄) လုံးမီးလောင်ပျက်စီးခဲ့ပြီး ပဇီကြီးကျေးရွာကိုတော့ ဒေသခံတွေ မပြန်ကြသေးတဲ့အတွက် စာရင်းအတိအကျကောက်ယူနိုင်တာမရှိပေမယ့် ခန့်မှန်းခြေ အိမ်(၁၀၀) ဝန်းကျင် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပဇီကြီးကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ ဗုံးဟာ “Vacuum bomb” လို့ ခေါ်တဲ့ ပေါက်ကွဲနှုန်းမြင့်တဲ့ မီးလောင်ဗုံးလက်နက်အမျိုးအစားဖြစ်တယ်လို့ လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) က မေလ(၉) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းမှု (၂) နှစ်အတွင်း နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၆၅၀) ကျော်အထိရှိခဲ့ပြီး အရပ်သား (၂၈၀) ကျော်သေဆုံးခဲ့ရသလို အရပ်သား (၃၇၀) ကျော်ဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ပဇီကြီးကျေးရွာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.