ထားဝယ်၊ မေ(၁၁)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဥယျာဉ်ကြီးကျေးရွာနဲ့ အညာဖျားကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း တိုက်မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မေ၉ ရက်နေ့ မနက် ၈ နာရီလောက်မှာ ထီးခီးနယ်စပ်ဘက်ကနေ ထားဝယ်ဘက်ကို ခြေလျင်နဲ့ တပ်ချိန်းလာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ တိုက်မိုင်းထိခဲ့တာ ဖြစ်ပါတယ်။
တိုက်မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့သလို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံတစ်ဦးမှာလည်း မိုင်းစထိမှန်ဒဏ်ရာရတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်မိုင်းထိသွားတဲ့ စစ်ကောက်စီတပ်ဟာ ဒဏ်ရာရရှိခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ဆောင် သွားပြီး ၈ မိုင်ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာကို ရောက်ရှိသွားပြီလို့ သိရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ သူတို့လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၅ ဦးကိုတော့ အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။မေ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဟာ သရက်ချောင်းမြို့နယ် အခြေစိုက်စစ်ကောင်စီစခန်းဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ထားဝယ်အရှေ့တောဒေသမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media