မော်လမြိုင်၊ မေ(၁၁)
KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံးဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲဖြစ်ပြီး NCA စာချုပ်ပါအတိုင်း တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်တယ်လို့ စစ်ကောင်စီက မေ(၉)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၇ ကြိမ်မြောက် ညီလာခံအပြီး ထုတ်ပြန်ချက်အပေါ် ပြစ်တင်ဝေဖန်ပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အတိုင်း တွေ့ဆုံဆွေးနွေးကြဖို့ စစ်ကောင်စီက ထပ်မံဖိတ်ခေါ်လာတာ ဖြစ်ပါတယ်။
KNU အနေနဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ လူထုလူတန်းစားအသီးသီးနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွာမယ်လို့ ၁၇ ကြိမ်မြောက် ဗဟိုညီလာခံအပြီး မေလ(၅)ရက်နေ့မှာ KNU ဗဟိုဌာနချုပ်က ထုတ်ပြန်ထားတာပါ။
KNU ရဲ့ ထုတ်ပြန်ချက်ဟာ အပြုသဘောမဆောင်ဘဲ NCA စာချုပ်ပါ ပြဌာန်းချက်တွေကို ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းကို ဦးတည်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက သဘောထားထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA KNDO ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေချိန် တဖက်မှာ KNU အပေါ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီက ထပ် မံခေါ်ဆောင်နေပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မှုအပေါ် လက်ခံဖို့အကြောင်းမရှိသလို KNU ရဲ့ မူဝါဒ၊ ရည်ရွယ်ချက်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမယ်လို့ KNU ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပဒိုစောကလယ်စေးက တုံ့ပြန်လိုက်ပါတယ်။
“စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုက ကျွန်တော်တို့ရဲ့ နိုင်ငံရေးသွားနေတဲ့လမ်းကြောင်းနဲ့က တော့ ဘယ်လိုမှမအပ်စပ်ဘူး။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကိုလည်း ဘယ်လိုမှမဖြည့်ဆည်းနိုင်ဘူးဆိုတာ ကျွန်တော်တို့ နဂိုကတည်းက သဘောထားထုတ်ပြန်ချက်တွေ ရှိပါတယ်။ သူ့ရဲ့ Peace Call (ငြိမ်းချမ်းရေးဖိတ်ခေါ်မှု) ကိုလည်းပဲ ကျွန်တော်တို့ လက်မခံခဲ့ပါဘူး။ အဲဒါကြောင့်မို့ ရှေ့ဆက်ပြီးတော့ ထပ်ပြီးတော့ခေါ်လာရင်လည်းပဲ ကျွန်တော်တို့ဘက်ကတော့ လက်ခံဖို့အကြောင်းမရှိဘူးလို့ ကျွန်တော် အဲဒီလိုနားလည်တယ်။ ဘာကြောင့်လဲဆိုတော့ အာဏာမသိမ်းခင်ကတည်းက ဒါတွေက မလုပ်သင့်မလုပ်အပ်ဘူး လက်မခံဘူးဆိုတာ ကျွန်တော်တို့ ထုတ်ပြန်ပြီးသားဖြစ်တဲ့အတွက် အဲဒီလိုပဲကျွန်တော်တို့ယုံကြည်ချက် ကျွန်တော်တို့ရည်ရွယ်ချက်အတိုင်း ဆက် လျှောက်သွားမယ်လို့လည်း ပြောချင်ပါတယ်” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။
စစ်ကောင်စီကတော့ လက်ရှိဖြစ်ပွားလျက်ရှိတဲ့ မတည်ငြိမ်မှုတွေဟာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့အရ လှုံ့ ဆော်မှုတွေနဲ့ ပြည်ပ ပယောဂတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေသာဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်တဲ့ လက်နက်ကိုင်တိုက်ပွဲဝင်မယ့်လမ်းကြောင်းဟာ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကြီးမားတဲ့အ ခက်အခဲတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီကလည်း နွေဦးတော်လှန်ရေးဟာ ပါတီစွဲပုဂ္ဂိုလ်စွဲကြောင့်မဟုတ်ဘဲ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတာဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် လက်မခံနိုင်ဘူးလို့တုံ့ပြန်တာပါ။
“အခုလက်ရှိဖြစ်နေတဲ့ နိုင်ငံတွင်းမတည်ငြိမ်မှုဆိုတာ ပုဂ္ဂိုလ်စွဲပါတီစွဲတွေကြောင့် မဟုတ်ဘူး၊ ပြည်ပ ပယောဂတွေ မဟုတ်ဘူး။ စစ်ကောင်စီကနေ အာဏာသိမ်းလိုက်လို့ ဖြစ်လာတဲ့မတည်ငြိမ်မှုပါပဲ။ ဒါကတော့ အားလုံးအသိပါပဲ။ အာဏာမသိမ်းရင်တော့ အဲဒီလိုမျိုး နွေဦးတော်လှန်ရေးတွေ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ပြောလို့ရတယ်။ နောက်ပြီးတော့ အခု NCA အရ ငြိမ်းချမ်းရေးတွေခေါ်ဆိုနေတာ အဲဒါကအမှန်ဆိုရင် NCA ကလည်း သူကြိုးဆွဲရာကခိုင်းတဲ့ ငြိမ်းချမ်းရေးခေါ်ဆိုမှုပါပဲ။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒီ NCA အရ ဖိတ် ခေါ်နေတဲ့ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့အနေနဲ့ (၂၀၀၈) ဖွဲ့စည်းပုံတွေ ကျွန်တော်တို့ဖျက်သိမ်းပြီးပြီ။ ဆိုတော့ အဲ့ဒီငြိမ်းချမ်းရေးတောင်းဆိုမှုဆိုတာလေ ကျွန် တော်တို့အနေနဲ့ လက်ခံနိုင်စရာအကြောင်းကိုမရှိဘူး ” လို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်နေသလို တဖက်မှာလည်း ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးတပ်ဦး CNA/CNF စတဲ့ တိုင်းရင်းသား နယ်မြေတွေထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ နေ့စဉ်ဆိုသလိုပြုလုပ်နေတဲ့အတွက် တိုက်ပွဲတွေဟာလည်း နေ့စဉ်နီးပါးဖြစ်ပွားနေတာ ဖြစ်ပါတယ်။
NUG/ PDF တို့ကို ပံ့ပိုးကူညီပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ (၇၈)နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားတာရှိပြီး တစ်လကျော်အကြာမှာတော့ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်လာတာလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -KNU